News

POST TYPE

NEWS

မြေပုံရှိစစ်ဘေးရှောင်စခန်းတွင် မိုင်းများတွေ့ရှိဟု တပ်မတော်ထုတ်ပြန်
29-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုအနီး မိုင်းများဖော်ထုတ်တွေ့ရှိသဖြင့် ဘေး ကင်းရာသို့ပြောင်းရွှေ့ရန် ပြည်နယ်အစိုးရထံ အကြောင်းကြားထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀ဝ ခန့်အကွာ၌ မိုင်း ၁ လုံး ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ ယင်းနေရာအနီး၌ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အဆိုပါစခန်း၏ အနောက်မြောက်ဘက် မီတာ ၂၀ ခန့်အကွာ ကားလမ်းဘေး၌ ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၃ လက်မ၊ အရှည် ၄ လက်မခန့်ရှိ ဒေသန္တရမိုင်း ၁ လုံးနှင့် နင်းမိုင်း ခလုတ် ၁ ခုတို့ကို တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အန္တရာယ်မဖြစ်စေရေးစစ်ကြောင်းရှိ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းတွေ့ရှိသည့်နေရာသည် တပ်မတော်စစ်ကြောင်းများနှင့် AA လက်နက်ကိုင်များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားပြီး AA လက်နက်ကိုင်များက မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်သည့်နေရာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းများဖော်ထုတ်တွေ့ရှိ ခဲ့သည့် နေရာအနီးရှိ စစ်ဘေးရှောင်စခန်းအား လိုအပ်သည့်ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါစခန်းတွင် ရွက်ဖျင်တဲ ၄၀ လုံးခန့်၊ သံဃာတော် ၃ ပါးနှင့် အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို ၂၅၀ ဦးခန့် နေထိုင်လျက် တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စညှင်းရွာအနီးရှိ စစ်ဘေးရှောင်စခန်းနေရာတစ်ဝိုက်၌ တပ်မတော်စစ်ကြောင်းများနှင့် AA အဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိခြင်း၊ မြေပြင်သတင်းများရရှိမှုအရ ဖော်ထုတ်ဆဲ AA အဖွဲ့ ခိုအောင်းအခြေပြုနေသည့် စခန်းနေရာနှင့် နီးကပ်စွာတည်ရှိနေခြင်း၊ ၎င်းစစ်ဘေး ရှောင်စခန်းအား AA လက်နက်ကိုင်အဖွဲ့က ရွာသားအသွင်ဖြင့် ဝင်ထွက်မှုများရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စစ်ဘေး ရှောင်စခန်းရှိ သံဃာတော်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိကြောင်းလည်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ယင်းစစ်ဘေးရှောင်စခန်းနေသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရသို့ အကြောင်းကြားထားရှိပြီး သင့်တော်သည့်နေရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူများက သံဃာတော်များနှင့် စခန်းနေသူများအား သွားရောက်ရှင်းလင်းပြောကြားခဲ့ပြီး ရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်အရသိရသည်။

J-08