News

POST TYPE

NEWS

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောကြားစဉ် ကျောင်းသားသမဂ္ဂဆန္ဒပြ
29-Jan-2020


နေပြည်တော်၊ ဇန်နဝါရီ ၂၈

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားနေစဉ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့က စက္ကူဆိုင်းဘုတ်တို့ကိုကိုင်၍ ဆန္ဒပြခဲ့ကြသည်။

နေပြည်တော်ရှိ MICC 2 ဝင်းအတွင်း ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲကို ဇန်နဝါရီလ ၂၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လာရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုသို့ အမှာစကားပြောကြားစဉ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်များက စာရွက်ဖြူ (အကြီး) များပေါ်တွင် 'မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်နိုင်ပါသလား' ၊ 'စီမံခန့်ခွဲမှုအလွဲများ ချက်ချင်းပြုပြင်ပေး' ၊ 'သုတေသနမရှိသော အစမ်းသပ်ခံ ပညာရေးစနစ်အလိုမရှိ' ၊ 'မန္တလေးတက္ကသိုလ်သပိတ်ကို ချက်ချင်းဖြေရှင်းပေး' ၊ 'အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနဲ့' ဟူသော စာသားများကို ရေးသားထောင်ပြကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

"အခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ့်တစ်ယောက်တည်းရဲ့အမြင်အတွက် အသုံးမချပါနဲ့။ဒါဟာ လုံးဝ ဖြစ်သင့်တဲ့ကိစ္စမဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။


ထိုကဲ့သို့ ဆန္ဒပြခြင်းကြောင့် အခမ်းအနားကို လုံခြုံရေးတာဝန်ရှိသူများနှင့် တက်ရောက်လာသည့် တာဝန်ရှိအကြီးအကဲများက ထိန်းသိမ်းပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းလူငယ်များနှင့် ပညာရေးဝန်ကြီးဌာနဘက်မှ အကြီးအကဲအချို့က တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့သည်။

ဆန္ဒပြသည့်စာသားများကို မိမိအနေနှင့် မမြင်ရကြောင်း၊ ယင်းကဲ့သို့ပြုလုပ်ခြင်းသည် ထိရောက်မှုရှိမည်မဟုတ်ဘဲ မိမိတို့အနေနှင့် ကိုယ်ပိုင်စည်းကမ်းကို ထိန်းသိမ်းရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်မြင့်ပေါ်က အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

S-01