News

POST TYPE

NEWS

ဝူဟန်ဗိုင်းရပ်နှင့်ပတ်သက်ပြီး စိုးရိမ်ထိန့်လန့်မှုမကြီးကြရန် မန္တလေးခေတ္တဝန်ကြီးချုပ်ဆို
28-Jan-2020
မန္တလေး ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် ဝူဟန်ဗိုင်းရပ်ခေါ် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်ပြီး စိုးရိမ်ထိန့်လန့်မှုအားမကြီးကြရန် မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သော ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေးပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ကပ်ရောဂါများ ကျရောက်လာပါက အထူးအလေးထားပြီး စနစ်တကျ တုန့်ပြန်နိုင်အောင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် Survey & Respond Team ကို ဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ရောက်လာမည့် မြန်မာကျောင်းသားများကိုလည်း ၁၄ ရက် (နှစ်ပတ်အကြာ) ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မန္တလေး ကန်တော်နဒီဆေးရုံတွင် ကြိုတင်ပြင်မှုများ ပြုလုပ်ထားကြောင်း ဦးဇာနည်အောင်က ဆိုသည်။

ထိုပြင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) သို့ ရောက်ရှိလာသည့် ဆိုက်ရောက်ခရီးသည်များကိုလည်း ဝူဟန်ဗိုင်းရပ်နှင့်ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် ကုန်လမ်းခရီးဖြင့် ပြန်လည်ဝင်ရောက်မည့် ခရီးသွားများကိုလည်း ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Survey & Respond Team ထံမှ သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆၀ အား မြန်မာနိုင်ငံသို့ မန္တလေးမှတဆင့် ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပေကျင်းမြို့ မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့်လည်း တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရန်အခြေအနေ အတည်ပြုပြီးပါက အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ပြောကြားထားသည်။

ဝူဟန်ဗိုင်းရပ်ခေါ် ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုမှ ကာကွယ်ရန် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ မကြာခဏဆေးကြောရန်၊ နှာချေ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားရန်၊ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်ရန် သတိပြုရန်နှင့် တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အသားငါးများကို သေချာစွာချက်ပြုတ်စားသောက်ရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်၍ ကောင်းစွာအိပ်စက်အနားယူရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

M-01