News

POST TYPE

NEWS

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှတ်ချက်ကြောင့် အခြေခံပညာဝန်ထမ်းများကို ခွင့်မဲ့ပျက်ကွက်မှုနည်းရန် ညွှန်ကြား
28-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၈

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မှတ်ချက်ကြောင့် အခြေခံပညာကျောင်းများရှိ ဝန်ထမ်းများကို ခွင့်မဲ့ပျက်ကွက်မှုနည်းစေရန် ဆောင်ရွက်ရမည်ဟုညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ -၁၉ ဘဏ္ဍာရေးနှစ် ဝန်ကြီးဌာနများမှ ရာထူးထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံရသူများ၏ စာရင်းနှင့်စပ်လျဉ်းသည့် အစီအရင်ခံစာတင်ပြမှုအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ 'ခွင့်မဲ့ပျက်ကွက်မှုများနေသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ သတိပြုရန်' ဟု မှတ်ချက်ပြုပါရှိကြောင်း ယင်းဌာနထံမှသိရသည်။

အဆိုပါမှတ်ချက်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ရုံးများရှိဝန်ထမ်းများ၊ ဆရာ ဆရာမများ၏ ခွင့်မဲ့ပျက်ကွက်မှုများ လျော့နည်းစေရေးအတွက် စနစ်တကျစိစစ်ကြပ်မတ်ရန် ညွှန်ကြားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ဝန်ကြီးရုံး၊ ဦးစီးဌာန ၉ ခု၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ ၂ ခု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၁၅၈ ခုရှိပြီး ယင်းဌာနများအနက် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းအရေအတွက်မှာ အများဆုံးဖြစ်ပြီး ငါးသိန်းကျော်ရှိသည်။

အောင်သက်ကို