News

POST TYPE

NEWS

အုတ်တွင်းဒေသရှိ ခိုကိုးရာမဲ့ဘိုးဘွားများကို လက်ခံစောင့်ရှောက်မည်
28-Jan-2020

တောင်ငူ၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးအုတ်တွင်းမြို့  နယ်အနီးတစ်ဝိုက် ရပ်ကွက်ကျေးရွာများမှ အသက် ၇၀ အထက် ခိုကိုးရာမဲ့အဘိုးအဘွားများကို ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ပြီး လက်ခံစောင့်ရှောက်သွားမည်ဖြစ်ကြောင်း အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း နာယက ဆရာတော် ဘဒ္ဒန္တအရှင်တေဇက မိန့်ကြားသည်။

"ဒေသတွင်း လိုအပ်ချက်လေးတစ်ခုကို နိုင်သလောက် ဖြည့်ဆည်းပေးလိုက်တဲ့သဘောပါ။အခု အဘိုးအဘွားတွေ စတင်  လက်ခံနေပြီဖြစ်ပြီး အသက် ၇၀ အထက်ဆိုပေမယ့် အမှန်တစ်ကယ် ခိုကိုးရာမရှိသူဖြစ်ရင် အသက်ကန့်သတ်ချက် ဖြေလျှော့ပေးမယ်" ဟုဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ အုတ်တွင်းမြို့နယ် ရင်ခုန်သံခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကို အများပြည်သူဝိုင်းဝန်းလှူဒါန်းငွေများနှင့် ယမန်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ကာအုတ်မြစ်ချတည်ဆောက်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပေ ၈၀၊ ပေ ၃၀ တစ်ထပ်အုတ်ညှပ်ဖြစ်ပြီး ကျပ်သိန်း ၃၆၀  ခန့်ကုန်ကျခဲ့သည်ဟု ဘိုးဘွားရိပ်သာ တည်ဆောက်ရေးကော်မတီထံမှ သိရှိရသည်။

ရင်ခုန်သံခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွင် အသက် ၇၀ အထက်ရှိပြီး ကျန်းမာရေးကောင်းမွန်သူ၊ ပြုစုစောင့်ရှောက်သူ မရှိသည့် သက်ကြီးအဘိုးအဘွား နှစ်ဆယ်နီးပါးကို လက်ခံပြီး အလုံးစုံတာဝန်ယူပြုစု စောင့်ရှောက်ပေးမည်ဖြစ်သည်ဟု အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဉာဏ်မြင့်က ပြောကြားသည်။

"အခု သက်ကြီးဘိုးဘွားအချို့ စတင်ရောက်ရှိနေပါပြီ။မိမိတို့ပတ်ဝန်းကျင်မှာ အမှန်တကယ် ခိုကိုးရာမဲ့တဲ့ အသက်အရွယ် ကြီးရင့်သူတွေကို အသင်းထံ ဆက်သွယ်အသိပေးမယ်ဆို တာဝန်ယူကြည့်ရှု စောင့်ရှောက်ပေးသွားပါမယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ၆ မြို့နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ရေတာရှည် ဘိုးဘွားရိပ်သာ၊ ကေတုမတီဘိုးဘွားရိပ်သာ၊ ဖြူးဘိုးဘွားရိပ်သာတို့ရှိနေပြီး ယခု ရင်ခုန်သံဘိုးဘွားရိပ်သာ၊ ဆွာမြို့ အလင်းရောင်ဘိုးဘွာရိပ်သာ နှစ်ခုသည် အစိုးရအကူအညီရယူခြင်း မရှိသေးသည့် ဘိုးဘွားရိပ်သာများဖြစ်သည်။ 

R-15