News

POST TYPE

NEWS

ကင်ဂျုံအန်း၏ အဒေါ်ဖြစ်သူ ခြောက်နှစ်ကျော်ပျောက်နေရာမှ အများပြည်သူရှေ့မှောက်တွင် ပြန်လည်ပေါ်ထွက်
28-Jan-2020


ပြုံယမ်း၊ ဇန်နဝါရီ ၂၇ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အဒေါ်ဖြစ်သူ ကင်ယောင်ဟွားသည် ၂၀၁၃ ခုနှစ်တွင် ၎င်း၏ ခင်ပွန်းဖြစ်သူအား ကွန်မြူနစ်အစိုးရက ကွပ်မျက်ခဲ့ချိန်မှစ၍ ကွယ်ပျောက်နေခဲ့သော်လည်း မကြာသေးခင်ရက်ပိုင်းက အများပြည်သူရှေ့မှောက်တွင် ပြန်ပေါ်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကင်ယောင်ဟွားသည် ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံတော်ကို တည်ထောင်သူ ကင်အီဆွန်း၏ သမီးဖြစ်ပြီး ယခင်ခေါင်းဆောင် ကင်ဂျုံအီ၏ နှမဖြစ်သည်။ 

၎င်း၏ ခင်ပွန်းဖြစ်သူ ချောင်ဆောင်တိတ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် လက်ရှိခေါင်းဆောင်(ကင်ယောင်ဟွား၏ တူတော်မောင်)က ၂၀၁၃ ခုနှစ်တွင် ကွပ်မျက်ပစ်ခဲ့သည်။ 

ထိုအချိန်မှစ၍ ကင်ယောင်ဟွားနှင့် ပတ်သက်သော သတင်းများ၊ ဓာတ်ပုံများကို မတွေ့မြင်ခဲ့ရပေ။ 

သို့သော် ပြီးခဲ့သည့် တနင်္ဂနွေနေ့ နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သောသတင်းတွင် ကင်ယောင်ဟွား၏ ပုံရိပ်များကို ပြန်လည်မြင်တွေ့ခဲ့ရသည်။ သတင်းတွင် ကင်ယောင်ဟွားသည် ကိုရီးယားနှစ်သစ်ကူးပွဲတော် ကျင်းပနေခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ထုတ်လွှင့်သော ရုပ်သံအစီအစဉ်တွင် ကင်ယောင်ဟွားသည် တူတော်မောင် ကင်ဂျုံအန်းတို့ ဇနီးမောင်နှံဘေးတွင် ထိုင်လျက် နှစ်သစ်ကူးပွဲကို ကြည့်ရှုနေပုံများ ပါရှိသည်။ 

ကင်ယောင်ဟွားသည် မြောက်ကိုရီးယား ထိပ်တန်းအရာရှိကြီးများ တက်ရောက်သည့် အခမ်းအနားတွင် အတူတကွ တက်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံသတင်းများကို အဓိကဦးစားပေး ရေးသားဖော်ပြသည့် NK News ၏ အယ်ဒီတာအိုလီဗာဟောဟမ်က ယခုလို ကင်ယောင်ဟွားကိုအများ ပြည်သူရှေ့မှောက်၌ ပြန်လည်မြင်တွေ့ရခြင်းမှာ အံ့အားသင့်စရာတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။ 

“မြောက်ကိုရီးယားအရေး စောင့်ကြည့်လေ့လာတဲ့သူ အများစုက ကင်ယောင်ဟွားကတော့ ပြည်ပြေးဘဝရောက်သွားပြီ၊ ဒါမှမဟုတ် သူ့ယောကျာ်းကွပ်မျက်ခံရပြီးနောက် အသတ်ခံလိုက်ရပြီလို့ ယူဆခဲ့ကြတယ်”ဟု ၎င်းက Reuters သတင်းဌာနသို့ ပြောကြားသည်။ 

ယခုလို ကင်ယောင်ဟွားကို အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ ပြန်လည်တွေ့မြင်လာရခြင်းသည် ၎င်းအနေနှင့် ထိုက်သင့်သော သြဇာအာဏာတစ်ခု ပြန်လည်ရရှိလာခြင်းကို ဖော်ကျူးရာရောက်သည်ဟုလည်း ၎င်းက ပြောကြားသည်။ 

ကင်ယောင်ဟွားနှင့် သူမ၏ ခင်ပွန်းဖြစ်သူ ချောင်ဆောင်တိတ်တို့သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်၊ ကင်ဂျုံအန်းမြောက်ကိုရီး ယားခေါင်းဆောင် နေရာရယူရန် ပြင်ဆင်ခဲ့ချိန်တွင် ကွန်မြူနစ်နိုင်ငံတော်၏ အဓိကပလေယာများ ဖြစ်ခဲ့ကြသည်။ 

F-01