News

POST TYPE

NEWS

ကာ/လုံအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးကိုပယ်ဖျက်၍ လွှတ်တော်ဒုဥက္ကဋ္ဌနှစ်ဦးထည့်သွင်းရန် ပြင်ဆင်ချက်ထည့်သွင်း
28-Jan-2020
နေပြည်တော်၊ ဇန်နဝါရီ ၂၇

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလိုက်သည့် အခြေခံဥပဒေပြင်ဆင်ရေးစီစစ်ချက် ဥပဒေမူကြမ်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၌ပါဝင်သော နယ်စပ်ရေးရာဝန်ကြီးဌာနကို ပယ်ဖျက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ကို ထည့်သွင်းဖွဲ့စည်းထားသည်ကို တွေ့ရသည်။

ယနေ့ (ဇန်နဝါရီ ၂၇) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေးစိစစ်ရေးပူးပေါင်းကော်မတီက ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မူကြမ်းနှစ်ရပ်တင်သွင်းလိုက်ခြင်းဖြစ်ပြီး ယင်းမူကြမ်းတွင် အထက်ပါအတိုင်း ပါဝင်နေခြင်းဖြစ်သည်။

"သဘောက နိုင်ငံတော်လုံခြုံရေးနဲ့တာဝန်ကို တိုက်ရိုက်ထမ်းဆောင်ရတဲ့ အနေအထားမျိုးမဟုတ်ဘူး။နယ်စပ်ဒေသရဲ့ ဖွံ့ဖြိုးမှုကို တာဝန်ယူဆောင်ရွက်ရတဲ့ ဝန်ကြီးဌာနဖြစ်တဲ့အတွက်ကြောင့်မို့ တိုက်ရိုက်သက်ဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီးတို့၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့၊ နောက်တစ်ခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့  ဒီပုဂ္ဂိုလ်တွေကတော့ပါတာပေါ့လေ။ပါပြီးတဲ့အခါ လုပ်ငန်းသဘာဝအားဖြင့် နှစ်မျိုးနှစ်စား လုပ်ဆောင်နေရတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးကိုတော့ ဒီအဖွဲ့အစည်းထဲကနေ ပယ်ဖျက်ဖို့ပေါ့ ပြင်ဆင်ထားတာ ရှိပါတယ်" ဟု ပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။ 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ဥပဒေပြုရေးအပိုင်းမှ တာဝန်ယူသည့်ပုဂ္ဂိုလ် နည်းနေသည်ဟု ယူဆသောကြောင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ကို ထပ်မံထည့်သွင်းဖွဲ့စည်းရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းဥပဒေ ပြင်ဆင်ခြင်းကဏ္ဍ တွင် NLD ပါတီက ဦးဆောင်၍ အဆိုပါ ဥပဒေကို ပြင်ဆင်နေခြင်းဖြစ်ပြီး တပ်မတော်၊ ကြံ့ခိုင်ရေးနှင့် ရခိုင်အမျိုးသားပါတီတို့က သဘောမတူသည့် အခြေအနေများရှိသောကြောင့် ယင်းကိစ္စ (ကာ/လုံတွင် နယ်စပ်ရေးရာဝန်ကြီးဌာနကို ပယ်ဖျက်သည့်ကိစ္စ) သည် ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မှတ်ချက်ပြုသည်။

"ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ပြီးပြောမယ်ဆိုရင် လုံးဝမဖြစ်နိုင်ဘူး။ဒါပေမဲ့ ဘယ်နည်းလမ်းရှိတာကိုတော့ ကျွန်မတို့လည်း မပြောတတ်ဘူး" ဟု ၎င်းကဆိုသည်။

ယနေ့တင်သွင်းလိုက်သည့် မူကြမ်းနှစ်ရပ်သည် NLD ပါတီမှ ပြင်ချင်သော အချက်ပေါင်းတစ်ရာကျော်သာ ပါဝင်နေခြင်းဖြစ်ပြီး အခြားသောပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်များ မပါဝင်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက ပြောကြားသည်။

"NLD က တင်သွင်းတဲ့ ဥပဒေမူကြမ်းတစ်ခုပဲလို့ ကျွန်တော်မြင်ပါတယ်" ဟု ၎င်းကဆိုသည်။

တည်ဆဲအခြေခံဥပဒေတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ပူးပေါင်းကော်မတီအနေနှင့် အခြေခံဥပဒေပါ ပုဒ်မ ၄၃၆(က)နှင့် ပုဒ်မ ၄၃၆(ခ) တို့အပေါ်အခြေပြုရေးဆွဲထားသည့် ဥပဒေ မူကြမ်းနှစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေမူကြမ်းနှစ်ရပ်ကို လွှတ်တော်အတွင်း မဆွေးနွေးမီ အသေး စိတ်လေ့လာစိစစ်ရန် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို လွှတ်တော်နာယကက ဖွဲ့စည်းကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောသည်။

ထပ်မံဖွဲ့စည်းလိုက်သည့် အဆိုပါကော်မတီတွင် အဖွဲ့ဝင် ၃၀ ဦးပါဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း (NLD) ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်တင့်လွင်တို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်ကို လည်းတွေ့ရသည်။ 

တပ်မတော်နှင့်ကြံ့ခိုင်ရေးပါတီတို့ ၏ ယခင်ပြင်ဆင်ချက်တင်ထားသည့်  ပုဒ်မအနည်းငယ်ပါ မူကြမ်း ၅ ခုကိုလည်း လက်ရှိ တင်သွင်းသည့် ဥပဒေကြမ်းနှစ်ရပ်ဖြင့် 

ပူးပေါင်းလေ့လာစိစစ်သွားမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

S-01