News

POST TYPE

NEWS

တရုတ်တွင် ဝူဟန်နမိုးနီးယားကြောင့် သေဆုံးသူ ၈၁ ဦးနှင့် ကူးစက်ခံရသူ ၃၀ဝ၀ ရှိ၊ အခြားနိုင်ငံများတွင် ယင်းဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် သေဆုံးသူမရှိသေး
28-Jan-2020

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂၇ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဝူဟန်နမိုးနီးယားဟု လူသိများသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၈၁ ဦးထိ ရှိလာပြီး ယင်းရောဂါကူးစက်ပြန့်ပွားမှုမြင့်တက်နေခြင်းကြောင့် အစိုးရက နှစ်သစ်ကူး ရုံးပိတ်ရက်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

စီးပွားရေးလုပ်ငန်းကြီးများလည်း လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားပြီး ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန် အမှုထမ်းများအနေနှင့် နေအိမ်မှ အလုပ်လုပ်ကြရန်လည်း ညွှန်ကြားထားသည်။ 

တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင် က ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ဖြစ်ပေါ်ခဲ့သည့် ဗဟိုချက်ဖြစ်သော ဝူဟန်မြို့လယ် ပိုင်းသို့သွားရောက်လည်ပတ်ခြင်းအားဖြင့် တရုတ်အစိုးရအနေနှင့် အဆိုပါကိစ္စကို မည်မျှအတိုင်းအတာအထိ အလေးအနက်ထားကာ ဖြေရှင်းနေသည်ဟူသောအချက်ကို ပြသလိုက်သည်။ 

တရုတ်တစ်ပြည်လုံးအတိုင်းအတာဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူမှာ  ၃၀ဝ၀ ဦးထိရှိပြီး ယင်းအနက်ထက်ဝက်ခန့်မှာ ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ် ကဖြစ်သည်။ 

ဟောင်ကောင်တွင် ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈ ဦးရှိပြီး ဟောင်ကောင်အစိုးရက လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ဟူဘေးပြည်နယ်သို့ သွားရောက်ခဲ့ဖူးသူများကို ဝင်ရောက်ခွင့်တားမြစ်ပိတ်ပင်လိုက်သည်။သို့သော် ယင်းအစီအစဉ်တွင် ဟောင်ကောင်ပြည်သူများ အကျုံးမဝင်ဟု ဆိုသည်။ 

လောင်းကစားမြို့အဖြစ် လူသိများသည့် မကာအိုတွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးရှိပြီး ဟောင်ကောင်ကဲ့သို့ပင်  အလားတူတားမြစ်ချက်များ ပြဋ္ဌာန်းထားကြောင်း သိရသည်။ 

တရုတ်တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဟိုင်ကူစီတီတွင် ဟူဘေးမြို့မှလာသော ခရီးသွားများကို ဝင်ရောက်ခွင့်မပြုပေ။ 

“ဟူဘေးပြည်နယ်က ပြည်သူတွေက တဖြည်းဖြည်းနဲ့ ခွဲခြားဆက်ဆံခံလာရသလိုဖြစ်နေတယ်”ဟု တရုတ်လူမှုကွန်ရက်  Weibo တွင် ဝူဟန်ပြည်သူတစ်ဦးက ရေးသားဖော်ပြသည်။ 

ဟူဘေးပြည်နယ်တွင် အဆိုပါနမိုးနီးယားကြောင့် သေဆုံးသူဦးရေမှာ ၅၆ ဦး မှ ၇၆ ဦးအထိ မြင့်တက်လာခြင်းဖြစ်သည် ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 

တရုတ်မဟုတ်သည့် အခြားနိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် ဝူဟန်သို့ သွားရောက်ခဲ့ခြင်းကြောင့် အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရမှုများရှိသော်လည်း ယင်းဗိုင်းရပ်စ်ကြောင့် လူသေဆုံးရသည့် အဖြစ်မျိုးမရှိသေးကြောင်း သိရသည်။ 

တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင် မှာမူ ယင်းကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ် ပြီးနောက်ပိုင်း ဝူဟန်မြို့သို့သွားရောက်  စစ်ဆေးကြည့်ရှုသည့် တရုတ်ထိပ်ပိုင်း အရာရှိတစ်ဦးဖြစ်သည်။ 

အပြာရောင်အကာအကွယ်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ဝတ်ဆင်ထားသည့် ဝန်ကြီးချုပ် လီကွတ်ချောင်သည် ယင်းဗိုင်းရပ်စ်ထိန်းချုပ်ရန် ကြိုးပမ်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သလို ရောဂါကူးစက်ခံထားရသော လူနာများ၊ ကျန်းမာရေးအမှုထမ်းများနှင့် တွေ့ဆုံကာ စကားပြောခဲ့သည်ဟု တရုတ်အစိုးရက သတင်းထုတ်ပြန်သည်။

F-01