News

POST TYPE

NEWS

စက်ရုံလေးရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒပြ
28-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်မြို့လယ်ဖြစ်သော မဟာဗန္ဓုလပန်းခြံရှေ့တွင် လုပ်ငန်းခွင်၌ ကြုံတွေ့ရသောအခက်အခဲများကို အစိုးရကသိရှိစေရန် ရည်ရွယ်၍ စက်ရုံလေးရုံမှ အလုပ်သမားတစ်ရာဝန်းကျင်ခန့် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

အလုပ်ရှင်များသည် အလုပ်သမားဥပဒေချိုးဖောက်ခြင်း၊ အလုပ်သမားသမဂ္ဂများအား ဖြိုခွဲရန်အကြံဖြင့် ဆန္ဒပြအလုပ်သမား ခေါင်းဆောင်များကို အလုပ်မှထုတ်ပစ်ခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းမှုများ ပြေလည်မှုမရှိခြင်းတို့ကြောင့် ံHunter Myanmar ၊ Gust Myanmar ၊ Thong Thai ၊ Myanmar Nissenkan စက်ရုံလေးရုံ စုပေါင်း၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြမှုတွင်ပါဝင်သူ ဒေါ်သန္တာထွေးက ပြောသည်။

"ကျွန်မတို့စက်ရုံဆို ဆန္ဒပြတာ တစ်လကျော်ပြီ၊အခုထိပဲ ဘာမှထူးခြားမလာဘူး၊ ကျွန်မ ခေါင်းဆောင်လို့ဆိုပြီး အလုပ် ထုတ်ပစ်လိုက်တယ်" ဟု ၎င်းကဆိုသည်။

ဆန္ဒပြအလုပ်သမားများ တောင်းဆိုသည့်အချက်များမှာ လူမှုဖူလုံရေးထည့်ဝင်ထားသော်လည်း လူမှုဖူလုံရေးကတ်မရ၍ ဆေးကုသမှု အခက်အခဲကြုံရသဖြင့် ဖူလုံရေးကတ် အမြန်ဆုံးထုတ်ပေးရန်၊ မြို့နယ်ဖျန်ဖြေရေးရုံးတွင် အလုပ်ရှင် အလုပ်သမား ပြဿနာဖြေရှင်း ရာတွင် အလုပ်ရှင်က ကိုယ်တိုင်လာရောက်ဖြေရှင်းရန်နှင့် အလုပ်ရှင် အလုပ်သမား စာချုပ်ဖောက်ဖျက်သော အလုပ်ရှင်အား အရေးယူပေးရန်တို့ အပါအဝင် အချက် ၂၀ ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒပြ အလုပ်သမားများမှာ လှိုင်သာယာစက်မှုဇုန်တွင် လက်ရှိဆန္ဒပြကာ သပိတ်စခန်းဖွင့်နေသော စက်ရုံနှင့် အလုပ်ရှင်က တရားစွဲထားသော အလုပ်သမားများဖြစ်သည်။

အေးချမ်းသူ