News

POST TYPE

NEWS

တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ အဆင့်ဆင့်လျှော့ချရန် အခြေခံဥပဒေပြင်ဆင်ချက်မူကြမ်းတွင် ထည့်သွင်း
28-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ  ၂၇

တပ်မတော်အနေနှင့် ဥပဒေပြုရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု အချိုးအစားလျှော့ချရာ၌ ၅ ရာခိုင်နှုန်းအထိ ဆက်လက်ထားရှိသွားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (၂၀ဝ၈ ခုနှစ်) ပူးပေါင်းကော်မတီဥက္ကဋ္ဌ နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၀ ဦးက လက်မှတ်ရေးထိုးတင်ပြလာသော ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေးတင်ပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းတွင် လက်ရှိပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထားရှိရမည့် ပုဒ်မအစား နောက်ထပ်လွှတ်တော်သက်တမ်းများတွင် ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိ အသီးသီးလျှော့ချသွားရန် အစားထိုး ပြင်ဆင်ထားသည်။

မည်သည့်ခေတ် မည်သည့်အချိန်တွင်မဆို လွှတ်တော်အခန်းကဏ္ဍတွင် တပ်မတော်သားကိုယ်စားလှယ်များ ရှိနေခြင်းဖြင့် အရပ်ဘက်နှင့် တပ်မတော် လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပြီး ဥပဒေပြုရေး အခန်းကဏ္ဍတွင်လည်း တပ်မတော်သားများအနေနှင့် အတိုင်းအတာ တစ်ခုအထိ ပါဝင်သည့်အတွက် ကိုယ်စားလှယ် အချိုးအစား ၅ ရာခိုင်နှုန်းအထိ ဆက်လက်ထားရှိရန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

"အခုအချိန်မှာတော့ ၅ ရာခိုင်နှုန်းလောက်ကတော့ ရှိသင့်တယ်၊ ဘယ်ခေတ် ဘယ်အချိန် ဘယ်အခါ လွှတ်တော်မှာပဲဖြစ်ဖြစ် ဒီလိုမျိုး တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေခြင်းအားဖြင့် အရပ်ဘက်နှင့် တပ်မတော်ဘက်နှင့် လက်တွဲပြီးတော့ လုပ်ရမယ့်လုပ်ငန်းတွေ လည်း ရှိတယ်။နောက်ပြီး ဥပဒေပြုရေး အခန်းကဏ္ဍထဲမှာလည်း တပ်မတော်သားတွေဟာ အတိုင်းအတာတစ်ခုထိတော့ ပါဝင်သင့်တယ်ဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတင်ဖို့ တင်ပြထားတာ ရှိပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း ၅ ခုကို လေ့လာစိစစ်သွားရန် ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။

မင်းသုခိုင်