News

POST TYPE

NEWS

ငွေဆောင်ဒေသအတွင်း သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်တွေ့
28-Jan-2020
ဓာတ်ပုံ-ရဲတပ်ဖွဲ့

ပုသိမ် ၊ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေမြို့ သဇင်ကျေးရွာအုပ်စု ရှောက်ပင်ချောင်း ကျေးရွာမှ တောင်ဘက် ၃ မိုင်အကွာ  သစ်တောအတွင်း၌ သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို ဇန်နဝါရီလ  ၂၆ ရက်နေ့ညက တွေ့ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

​အသက် ၂၅ နှစ်ရှိ ဒေသခံကိုရဲမင်းစိုး ၏ သတင်းပေးပို့ချက်အရ ပုသိမ်-ငွေဆောင် ကားလမ်းနံဘေး၏ ယင်းသစ်တောအတွင်းရှိ သဇင်ကြီးချောင်းဖျား၌ ခမ်းခြောက်၍ ရေနည်းနေသော စမ်း​ချောင်းအနီးတွင် သေဆုံးနေသည့် တောဆင်ရိုင်းကို နယ်မြေရဲတပ်ဖွဲ့ သစ်တောဦးစီးဌာန သစ်တောရဲ နှင့် အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက သွားရောက်ရှာဖွေဆောင်ရွက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ ဒုတိယရဲမှူးကြီးထွန်းရွှေက The Voice သို့ ပြောကြားသည်။

"အသတ်ခံရတာလား၊ ကျန်းမာရေးကြောင့်သေတာလား ဆင်ဆရာဝန်အဖွဲ့က စစ်ဆေးနေဆဲပါ" ဟု၎င်းကဆက်ပြောကြားသည်။

သေဆုံးနေသည့်တောဆင်ရိုင်းမှာ အသက် ၂၀ နှစ်နှင့် ၃၀ နှစ် အကြားရှိ ဟိုင်း ဆင်အမျိုးအစားဖြစ်ကြောင်း ဆင်ထီးဖြစ်ကာ ဝမ်းပိုက်ဖောယောင်နေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း၊ ဒူးထောက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ကနဦးသတင်းတွင် ဖော်ပြသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က ငပုတောမြို့နယ် ဆင်မသစ်တောကြိုးဝိုင်းအတွင်း၌  ဆင်သတ်မုဆိုးတို့က အဆိပ်မြားဖြင့် ပစ်သတ်၍ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့ပြီး ယင်းအမှုအား ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးဒေသများဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁ (က) ဖြင့် အမှုရေးဖွင့်ကာ  ဆင်သတ်မုဆိုးများကို ဖမ်းမိရေးအတွက် ဆောက်ရွက်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။         

R-12