News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာပါက သေမည်ရှင်မည်ကို ဝေခွဲမရဖြစ်နေဟု ဝန်ကြီး ပြောကြား
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံတွင်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာပါက သေမည်ရှင်မည်ကို ဝေခွဲမရဖြစ်နေကြောင်း အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၇ ရက်နေ့က ကျိက္ကဆံ ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်သော ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်သိရှိနိုင်ရန် ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုသွားခြင်းဖြစ်သည်။

“တော်တော်ကြောက်ဖို့ကောင်းတယ် ဒီရောဂါမှာ ကုတဲ့ဆေးမရှိဘူး။ ရောဂါဖြစ်လာရင် သေမလားရှင်မလားဆိုတာ ဝေခွဲမရဘူး” ဟု ၎င်းကဆိုသည်။

လတ်တလော နိုင်ငံတကာတွေ့ရှိချက်များအရ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသဲရောဂါရှိသူများမှာ ဗိုင်းရပ်စ်ကူးစက်ခံရပါက သေဆုံးသည်ကိုတွေ့ရပြီး လက်ရှိ လူတစ်ရာကူးစက်ခံရလျှင် ၃ ယောက်နှုန်း သေဆုံးနေသည့်အတွက် သေဆုံးမှုနှုန်းမှာ ဆက်လက်မြင့်တက်လာနိုင်ခြေရှိသည့်အတွက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ကြီးကရှင်းပြသည်။ 

မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပြီး ရောဂါမဖြစ်စေရန် ကာကွယ်မှုများပြုလုပ်ရာတွင် ကျန်းမာရေးပညာရှင်များနှင့်မလုံလောက်ဘဲ ကုသရေးပညာရှင်၊ ဓာတ်ခွဲခန်းပညာရှင်၊ ဆေးရုံအုပ်ကြီးများ စုစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းအချက်အလက်များအရ တရုတ်နိုင်ငံ၌ ယင်းရောဂါကူးစက်ခံထားရသူ ၃၀၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၈၁ ဦးအထိရှိလာပြီး တရုတ်နိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံတွင် ကူးစက်ပြန့်ပွားလျက်ရှိသည်။

မြန်မာနှင့် တရုတ်နယ်စပ်ဖြစ်သော ရွှေလီမြို့၊ ထိန်ချုံမြို့တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိသဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ်ကို ပိတ်ပင်လိုက်ပြီး မူဆယ်ဂိတ်တွင်လည်း ဖြတ်သန်းသွားလာသူနည်းပါးလျက်ရှိကြောင်း လူမှုကွန်ရက်မီဒီယာများတွင် ရေးသားထားသည်ကို တွေ့ရသည်။

အေးချမ်းသူ