News

POST TYPE

NEWS

ဒီမိုကရက်များသည် ၂၀၁၆ ရွေးကောက်ပွဲပျက်ပြားအောင် ကြိုးပမ်းနေကြကြောင်း သမ္မတထရမ့်၏ရှေ့နေများ ပြောကြား
27-Jan-2020


ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် ကြိုးပမ်းသည့် ကြားနာစစ်ဆေးမှုတွင် ထရမ့်၏ရှေ့နေများက ဒီမိုကရက်များသည် ၂၀၁၆ ရွေးကောက်ပွဲ ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် ကြိုးပမ်းနေကြခြင်းဖြစ်သည်ဟု ပြောကြားပြီး ၎င်းကို စတင်ကာကွယ်ပေးခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းကြားနာစစ်ဆေးမှု၌ ရှေ့နေများက ဒီမိုကရက်တစ်ပါတီဝင်များသည် ၂၀၁၆  အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ကပြောင်းကပြန်ဖြစ်အောင် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။ 

“သမ္မတကြီးက ဘာတစ်ခုမှအမှားအယွင်းမလုပ်ခဲ့ပါဘူး”ဟု အိမ်ဖြူတော်၏ ဥပဒေအကျိုးဆောင်အရာရှိ ပက်စီပိုလိုနာ က ပြောကြားသည်။ 

သမ္မတထရမ့်ဘက်က ခုခံလျှောက်လဲခွင့်မှာ သုံးရက်ရရှိမည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်များ၏ စွဲချက်တင်မှုမှာ  ပြီးခဲ့သည့်သောကြာနေ့က ပြီးဆုံးခဲ့ကြောင်းသိရသည်။ 

သမ္မတထရမ့်ကို အရေးယူသည့်ပထမပြစ်မှုဖြစ်သော အာဏာအလွဲသုံးစားမှုတွင် ထရမ့်သည်၎င်း၏ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘီဒင်ကို နိုင်ငံရေးအရထိုးနှက်နိုင်ရေးအတွက် ၎င်းနှင့်ပတ်သက်သောအချက်အလက်များကို ရယူရန် ယူကရိန်းအာဏာပိုင်များကို ဖိအားပေးခဲ့သည်။ 

ယင်းသို့ အပေးအယူလုပ်ခြင်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် အမေရိကန်ပြည်သူများ၏ ရန်ပုံငွေကိုလွဲမှားစွာ အသုံးချခြင်းဖြစ်သည်။တစ်နည်းအားဖြင့်  အာဏာအလွဲသုံးစားမှုမြောက်ခြင်းပင် ဖြစ်သည်။ 

ဒုတိယပြစ်မှုမှာ သမ္မတကိုစွဲချက်တင်မည့်ကိစ္စအတွက် စုံစမ်းစစ်ဆေးရာတွင်  ပူးပေါင်းဆောင်ရွက်မှုမပြုဘဲနေခြင်းသည် ကွန်ဂရက်လွှတ်တော်ကို နှောင့်ယှက်ခြင်းဖြစ်သည်။ 

သမ္မတထရမ့်ကမူ ဒီမိုကရက်ပါတီဝင်များ၏ စွပ်စွဲချက်များနှင့် ၎င်းအား စွဲချက်တင်ရန် ကြိုးပမ်းနေမှုများသည် တစ္ဆေဖမ်းရန် ကြိုးပမ်းနေပုံမျိုးသာဖြစ်ကြောင်းပြောကြားသည်။ 

“အလကားလိမ်ဆင်တွေပါ၊ ကျက်သရေကို မရှိဘူး”ဟုထရမ့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောဆိုခဲ့သည်။ 

ဆီးနိတ်လွှတ်တော်တွင်ပြုလုပ်သည့် အဆိုပါကြားနာစစ်ဆေးမှုက သမ္မတထရမ့်ကိုရာထူးမှ ဖယ်ရှားပစ်ရန် သင့်၊ မသင့် အဆုံးအဖြတ်ပေးမည်ဖြစ်သည်။သို့သော် ဆီးနိတ်ကို ရီပတ်ဘလစ်ကန်များကသာ လွှမ်းမိုးထိန်းချုပ်ထားသည်က တစ်ကြောင်း၊ သမ္မတကိုဖယ်ရှားမည့်ကိစ္စ မျိုးအနေနှင့် ဆီးနိတ်လွှတ်တော်၏ သုံးပုံနှစ်ပုံက သဘောတူညီမှဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ဒေါ်နယ်ထရမ့်ကို အမေရိကန် သမ္မတရာထူးမှ ဖယ်ရှားမည့် ကိစ္စမှာဖြစ်နိုင်ဖွယ်မရှိပေ။ 

F-01