News

POST TYPE

NEWS

၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဘီလီယံကျော်အထိရှိ
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ၂၀၁၉ အောက်တိုဘာ မှ ၂၀၂၀ ဇန်နဝါရီအထိ ပို့ကုန်နှင့် သွင်းကုန်တို့မှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံခန့်အထိရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှု ပမာဏမှာ အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ ပို့ကုန်တွင်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ၊ သွင်းကုန်တွင်ဒေါ်လာ ဝ ဒသမ ၃ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာဒေါ်လာ ၈ ဒသမ ၁ ဘီလီယံကျော်ရှိကာ ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၇ ဘီလီယံကျော်သာရရှိခဲ့သည့်အတွက် ဒေါ်လာ ၁ ဘီလီယံကျော် တိုးတက်လာခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ ပို့ကုန်တွင်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ၊ သွင်းကုန်တွင်ဒေါ်လာ ဝ ဒသမ ၉ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ကျော်ရှိကာ ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်သာရရှိခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော် တိုးတက်လာခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအတွင်း စုစုပေါင်း ကုန်သွယ်မှုမှာ ပို့ကုန်ကဏ္ဍတွင်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ၊ သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ်ကာလတူသည် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံသာ ရရှိခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်