News

POST TYPE

NEWS

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိ၊ ဆိုးရွားသည့်အခြေအနေကြီးနှင့် ရင်ဆိုင်နေရဟု သမ္မတရှီကျင့်ဖျင် သတိပေး
27-Jan-2020


ဘေဂျင်း၊ ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံတွင် နမိုးနီးယားဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမှာ အရှိန်မြင့်တက်လျက်ရှိသည်ဟု သမ္မတရှီကျင့်ဖျင်က တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အစိုးရအထူးအစည်းအဝေးပွဲ ကျင်းပပြီးနောက် ထုတ်ဖော်သတိပေး ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်နိုင်ငံသည် ယခုအခါ ဆိုးရွားသည့်အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသည်ဟု ရှီကျင့်ဖျင်က အစိုးရအဖွဲ့မှ စီနီယာအရာရှိကြီးများကို ပြောကြားသည်။ 

တရုတ်နိုင်ငံ ဝူဟန်တွင် အဆိုပါ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ လူပေါင်း ၅၆ ဦးသေဆုံး ခဲ့ရပြီး ၂၀၀၀ ကျော် ကူးစက်ခံခဲ့ရသည်။ 

ဗြိတိန်အခြေစိုက် သုတေသီများက တရုတ်နိုင်ငံအနေနှင့် အဆိုပါဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မည့်အခြေအနေတွင် မရှိကြောင်း သတိပေးပြောကြားသည်။ 

လက်ရှိအနေအထားတွင် တရုတ်နိုင်ငံ၌ အဆိုပါရောဂါ ကူးစက်ဖြစ်ပွားနေသော မြို့များသို့ သွားရောက်မှုများကို ကန့်သတ်ပိတ်ပင်ထားသည်။ ယင်းမြို့များတွင် နေထိုင်သူများအနေနှင့်လည်း အခြားမြို့များသို့ ထွက်သွားခွင့်မရှိပေ။ 

ဝူဟန်မြို့မှရသောသတင်းများအရ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၆) မှစတင်ကာ ပုဂ္ဂလိကမော်တော်ယာဉ်များသွားလာ မောင်းနှင်မှုကိုပါ တားမြစ်လိုက်ကြောင်း၊ ဝူဟန်တွင် ဒုတိယမြောက်အရေးပေါ်ဆေးရုံ တစ်ခုကို ယခုသီတင်းပတ်အနည်းငယ်အတွင်း တည်ဆောက်သွားကာ လူနာသစ် ၁၃၀၀ ခန့်ကို ကြပ်မတ်ကုသပေးရန် စီစဉ်ထားကြောင်းသိရသည်။ 

လူနာ ၁၀၀၀ ဆံ့သည့် ဆေးရုံသစ်တစ်ခု အရေးပေါ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ စတင်နေပြီဖြစ်သည်။ 

ဝူဟန်မြို့တည်ရှိသည့် ဟူဘေးပြည်နယ်သို့ တရုတ်စစ်တပ်မှ အထူးဆေး တပ်ဖွဲ့ဝင်များလည်း လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။ 

ဝူဟန်နမိုးနီးယားရောဂါမှာ ပြီးခဲ့သည့် ဒီဇင်ဘာလလောက်က ယင်းမြို့တွင် စတင်ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်ရသည်။ အဆိုပါရောဂါကြောင့် တရုတ်နှစ်သစ်ကူး ကာလဖြစ်သော်လည်း နှစ်ကူးပျော်ပွဲရွှင်ပွဲများကို မြို့တော်ဘေဂျင်းအပါအဝင် မြို့ အတော်များများတွင် ကျင်းပပြုလုပ်ခဲ့ခြင်း မရှိပေ။ 

ဟောင်ကောင်တွင်မူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို အမြင့်ဆုံးအထိ သတ်မှတ်လိုက်ပြီး စာသင်ကျောင်းများ ပိတ်ရက်ကိုလည်း ထပ်မံတိုးမြှင့်လိုက်သည်။ 

အခြားနိုင်ငံအချို့တွင် ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး ဝူဟန်နမိုးနီးယား ရောဂါကူးစက်ခံရသူ လူနာအနည်းငယ်ရှိပြီး ၎င်းတို့ကို သီးသန့်ခွဲထားကာ ကုသပေးလျက်ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်သည် အခြားသော နမိုးနီးယားဖြစ်စေသည့် ဗိုင်းရပ်စ်မျိုးဝင်ဖြစ်သော်လည်း ယခုဗိုင်းရပ်စ်သစ်မျိုးမှာ တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူးပေ။ 

ယင်းဗိုင်းရပ်စ်သစ်သည် တိရစ္ဆာန်များတွင် ပေါက်ဖွားပြီးနောက် လူသားများသို့ ကူးစက်ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ယူဆရသည်။ 

၂၀၀၃ ခုနှစ်ကဖြစ်ပေါ်ခဲ့သော SARS ဟုခေါ်သည့် ကူးစက်မြန်ပြင်းထန်အဆုတ် ရောင်နမိုးနီးယားရောဂါမှာ လင်းနို့များတွင် စတင်ခဲ့ပြီး ကြောင်ကတိုးများသို့ရောက်ရှိရာမှတစ်ဆင့် လူသားများကိုကူးစက်ခဲ့ခြင်း ဖြစ်သည်။

F-01