News

POST TYPE

NEWS

ပါတီပုံရိပ်ထိခိုက်သည့်အတွက် ဦးကျော်ဇေယျကို NLD က ထုတ်ပယ်ခြင်းဟုဆို
27-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဒဂုံမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ပြောကြားချက်များသည် ပါတီပုံရိပ်ကိုထိခိုက်စေသည့်အတွက် ထုတ်ပယ်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

"ပါတီမှာ စည်းမျဉ်းစည်းကမ်း ရှိပါတယ်။ပါတီရဲ့ပုံရိပ်ကို ကျဆင်းစေမယ့် အပြုအမူအပြောအဆိုတွေ မလုပ်ရဘူး။ စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် ပြုမူပြောဆိုတာတွေ မလုပ်ရပါဘူး။ ဦးကျော်ဇေယျရဲ့ ပြောဆိုချက်တွေက ပါတီကနေ  ဝေဖန်စရာတွေဖြစ်တယ်။ပါတီတွင်းမှာ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတဲ့အတွက်ပါ" ဟု ၎င်းကပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပသော  ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒဂုံမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ 

"ပါတီတွင်းမှာ ပြောတာကတော့ လွတ်လပ်စွာပြောခွင့်ရှိပါတယ်။အများပြည်သူသိအောင် ထွက်ပြောတဲ့အခါမှာ ပါတီရဲ့ပုံရိပ်ကို ထိခိုက်စေတာ၊ ပါတီရဲ့လုပ်ဆောင်နိုင်မှု၊ ပါတီကတာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ ထိခိုက်စေမှုရှိတယ်ဆိုရင် အရေးယူတာပါ။ လွှတ်တော်ထဲမှာ ပြောတဲ့ကိစ္စကတော့ ရပါတယ်။အဓိက ကတော့ ပါတီဆိုတာ အသင်းအဖွဲ့ဖြစ်တဲ့အတွက် အဖွဲ့လိုက်လုပ်ဆောင်မှုကို မထိခိုက်စေဘူးဆိုရင် ရပါတယ်" ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။

ယင်းထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ဦးကျော်ဇေယျက ၎င်း၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် "ကျွန်တော်က အပြင်မှာပြောတာ မဟုတ်ပါ။လွှတ်တော်အတွင်း တရားဝင်ဆွေးနွေးပြောဆိုခြင်းဖြစ်ပါသည်။အရင်ပါတီတာဝန်ရပ်နားခဲ့စဉ်က ၂၀၁၆-၁၇ ခုနှစ် စာရင်းစစ်အစီရင်ခံစာ ဆွေးနွေးမှုအပြီးဖြစ်ပြီး ယခုပါတီက ထုတ်ပယ်သည်ဆိုသော အချိန်ကလည်း ၂၀၁၇-၁၈ စာရင်းစစ်အစီရင်ခံစာ လွှတ်တော်မှာ ဆွေးနွေးနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်ဗျာ" ဟု ရေးသားထားသည်။

ယခုထုတ်ပယ်ခံရသူ ဦးကျော်ဇေယျနှင့် ဒေါက်တာဒေါ်သက်သက်ခိုင် တို့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းက မြို့နယ်အလုပ်အမှုဆောင်တာဝန်က ရပ်နားခဲ့ပြီးနောက် ဦးကျော်ဇေယျမှာ ပါတီဝင်အဖြစ် ဆက်လုပ်ကိုင်နေခဲ့ကာ ယခုအခါ ဒေါ်သက်သက်ခိုင်မှာ ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။  

ဇော်မိုးလွင်