News

POST TYPE

NEWS

သားသမီးကို တောင်းရမ်းခိုင်းသော ဖခင်ကို ထောင်ဒဏ်ချမှတ်၊ ကလေးသူငယ်ဥပဒေဖြင့် ပထမဆုံး အမိန့်ချမှတ်သည့် အမှုအဖြစ် မှတ်တမ်းဝင်
26-Jan-2020
ပုသိမ်၊ ဇန်နဝါရီ ၂၆ 

အသက် ၁၀ နှစ်အရွယ် သား နှင့် ၇ နှစ် အရွယ် သမီးကို တောင်းရမ်းစေသည့် ဖခင်ဖြစ်သူကို ပုသိမ်မြို့ နယ် တရားရုံး က ဇန်နဝါလ တတိယပါတ်အတွင်းက ထောင်ဒဏ် ၁ နှစ် ချမှတ်လို့က်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၂ ဖြင့် ပထမဆုံးအကြိမ် ထောင်ဒါဏ် အပြစ်ပေးခြင်းဖြစ်ကြောင်း ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝမ်းဘဲအင်းမြို့ အမှတ် ၈ ရပ်ကွက် မှ ကလေး ၂ ဦး ၏ ဖခင်အရင်းဖြစ်သူ အသက် ၄၁ နှစ်ရှိ ဦးမိုးဝင်းကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၂ ဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် ပထမဆုံးအကြိမ် ထောင်ဒါဏ် အပြစ်ပေးခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။

“အဖေဖြစ်သူက ပုသိမ်ဘူတာက ဝန်းထမ်းအိမ်ယာ တည်းခိုခန်းမှာ ငှားရမ်းနေထိုင်ပြီး မောင်နှမ ၂ ဦးကို တောင်းရမ်းရမယ့်နေရာကို ဆိုင်ကယ်နဲ့ ကြိုပို့လုပ်ပေးတယ် ပထမတော့ အဖေအရင်းဆိုတာ မသိဘူး ကလေး ၂ ဦး ကို မလိုလားအပ်တဲ့အဖြစ်အပျက်တွေ ဖြစ်မှာစိုးလို့ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတို့ စောင့်ကြပ်ကြည့်ရာက တစ်စုံတစ်ဦးကစေခိုင်းနေကြောင်းသိပြီး အမှုပေါ်ပေါက်တာ”ဟု ၎င်း ရှင်းပြသည်။

တောင်းရမ်းစေခိုင်းရာမှ ရရှိငွေကြေးကို သက်သေခံအဖြစ် တင်ပြနိုင်သည့်အပြင် ကလေးများကို တောင်းရမ်းစေကြောင်း ပြစ်မှုစစ်ဆေးပေါ်ပေါက်ခြင်းကြောင့် ဦးမိုးဝင်းကို ထောင်ဒါဏ် ၁ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားရုံးက သိရသည်။

“ကလေးသူငယ်တွေကို ခိုင်းစေမှုတွေက ရှိနေဆဲပါ၊ လက်တွေ့ကျကျ ဆောင်ရွက်မှုက နဲပါးတယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ချိတ်ဆက်မိမိ သွက်သွက်လေး ထိထိမိမိ ဆောင်ရွက်သင့်တယ်”ဟု ပုသိမ်မြို့ အခြေစိုက် ပဒုမ္မာ လူမှုဖွံဖြိုးတိုးတက်ရေးအသင်းမှ ဦးရဲလွင် သုံးသပ်အကြံပြုသည်။

ပုသိမ်မြို့ အခြေစိုက် ပဒုမ္မာ လူမှုဖွံဖြိုးတိုးတက်ရေးအသင်း၏ ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်အရ ယင်းအသင်း၏ တာဝန်ရှိသူ ဦးရဲလွင်က ပုသိမ်မြို့မရဲစခန်းသို့ တိုင်ကြားအမှုဖွင့်လာသည့် အမှုဖြစ်ပြီး ပုသိမ်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၂ ရက်နေ့က စတင်စစ်ဆေးကာ ဇန်နဝါရီလ ၁၉ ရက်နေ့ က စီရင် အမိန့်ချမှတ်ခြင်း ဖြစ်သည်။

မောင်မျိုးထက် (ပုသိမ်) 

R-12