News

POST TYPE

NEWS

ရေနံချောင်းတွင် လူ ၁၆ ဦး ခွေးရူးအကိုက်ခံရ
26-Jan-2020


ချောက်၊ ဇန်နဝါရီလ ၂၆

ရေနံချောင်းတွင် ခွေးရူးတစ်ကောင်ကိုက်၍ ယင်းမြို့ပြည်သူဆေးရုံတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းအထိ လာရောက်ပြီး ဆေးကုသမှုခံယူသူ တစ်ရက်အတွင်း အမျိုးသား ၇ ယောက် နှင့် အမျိုးသမီး ၉ ယောက်၊ စုစုပေါင်း လူဦးရေ ၁၆ ဦး ခွေးရူးတစ်ကောင်၏ အကိုက်ခံရသည်ဟု ယင်းမြို့ ပြည်သူ့ဆေးရုံမှ သိရသည်။

ခွေးကိုက်ခံရသူ ၁၆ ဦးကို ခွေးရူးဖြေဆေးနှင့် ခွေးရူးရောဂါကာကွယ်ဆေး နှစ်မျိုးစလုံးကို ဆေးရုံမှ အခမဲ့ ဆေးထိုးနှံပေးခဲ့ပြီး ဆက်လက်၍ ၎င်းတို့ကို ဒုတိယအကြိမ်မြောက်ရက်တွင် ထိုးမည့် ဆေးထိုးပေးရန် ယင်းဆေးရုံတွင် ဆေးလုံလောက်မှုမရှိကြောင်း ယင်းမြို့ ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာအောင်သူရ ပြောဆိုသည်။

ယင်းမြို့ ပြည်သူ့ဆေးရုံတွင် တစ်ရက်ကို တစ်ဦးမှ သုံးဦးကြားအထိ ခွေးအကိုက်ခံရ၍ ဆေးထိုးပေးနေရသည်ဟု ယင်းဆေးရုံမှ သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်အစောအပိုင်းက ယင်းမြို့ အိုးဘိုရပ်ကွက်၊ စည်ပင်သာရပ်ကွက်တို့ရှိ လူများကို ခွေးရူးတစ်ကောင်မှ ကိုက်လာပြီး မြို့မမြောက်ရပ်ကွက်၊ ဈေးလမ်း မြို့မဈေးတို့တွင် လူ ၈ ဦးအား အဖြူရောင် ခွေးမတစ်ကောင်ဖြစ်သော ခွေးရူးမှ နံနက် ၈ နာရီအချိန်ခန့်က စတင်ပြီး ဆက်တိုက်ကိုက်၍ ယင်းမြို့မမြောက်ရပ်ကွက် ဈေးလမ်းရှိ လူများက နံနက်ပိုင်းတွင် ရိုက်သတ်လိုက်သည်ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရေနံချောင်းမြို့တွင် ယခင်နှစ်ကလည်း တစ်ရက်အတွင်း ခွေးရူးတစ်ကောင်မှ လူ ၁၀ ကို ကိုက်ခဲ့ပြီး ချောက်မြို့တွင်လည်း ခွေးရူးတစ်ကောင်က နှစ်ရက်အတွင်း လူ ၁၂ ဦး အကိုက်ခံရမှုရှိခဲ့သည်။

နေနိုင်