News

POST TYPE

NEWS

ယာဉ်ထိန်းရဲနှင့် ရဲအရာရှိတို့ကို ဆဲဆိုခဲ့သည့် အမျိုးသမီးနှစ်ဦး ပုဒ်မသုံးခုဖြင့် အမှုဖွင့်
26-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၆

စမ်းချောင်းမြို့နယ် ဗာကရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲနှင့် ရဲအရာရှိတို့ကို ဆဲဆိုခဲ့သည့် အမျိုးသမီးနှစ်ဦးကို စမ်းချောင်းမြို့မရဲစခန်းတွင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားပြီး အာမခံပေးထားကြောင်းယင်းရဲစခန်းမှ သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးသည် (၄၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ကြပ် ကိုအောင်ပြည့်ဖြိုးနှင့် စမ်းချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်တို့တို ဆဲဆိုခဲ့သည့်အပြင် ယာဉ်ထိန်းရဲမေကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “ဒီနေ့မနက်ဖမ်းမိတာပါ။ အာမခံပေးထားတယ်။ ဒီပုဒ်မတွေက အာမခံပေးလို့ရသည့်အတွက် ဥပဒေအရ အာမခံတောင်းရင် ပေးရတာပဲလေ။”ဟု ဆိုသည်။

စမ်းချောင်းမြို့နယ်၊ မြေတောင်ရပ်ကွက်၊ ဗားကရာလမ်းမ၊ ဂမုန်းပွင်းအနီးတွင် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက အမျိုးသမီးနှစ်ဦးသည် အရက်မူးကာ လမ်းမပေါ် ကားကိုရပ်ပြီး အိပ်နေသည့်အတွက် ယာဉ်ထိန်းရဲမေတစ်ဦးက ယင်းကဲ့သို့မလုပ်ရန်ပြောဆိုသောကြောင့် အမျိုးသမီးတစ်ဦးက ယာဉ်ထိန်းရဲမေအား ကိုက်ပြီး ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ရဲစခန်း၏ ကနဦးသတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ဗာကရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲနှင့် ရဲအရာရှိတို့ကို ဆဲဆိုခဲ့သည့် ရုပ်သံဗီဒီယိုမှာ လူမှုကွန်ယက်တွင် ပျံနှံလျက်ရှိပြီး အမျိုးသမီးအပေါ် ဝေဖန်ဆဲဆိုမှုများ ရှိနေသည်။

မျက်မြင်သက်သေတစ်ဦးကမူ “သူတို့က မူးပြီးအိပ်နေတာတွေကလည်း အမြင်မတော်ဘူးပေါ့။ ယောကျာ်းလေးတစ်ယောက်က ကားပေါ်က ဆင်းပြေးသွားတယ်။ အကျီပန်းရောင်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်က ယာဉ်ထိန်းရဲမေလက်ကို ကိုက်လိုက်တယ်။ သွေးထွက်သွားတယ်။”ဟု ဆိုသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေထိုင်သည့် တာမွေမြို့နယ်တွင် ဖမ်းဆီးရမိပြီး စမ်းချောင်းမြို့မရဲစခန်းတွင် (ပ) ၆၉/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၂ဝ၊ ၂၉၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။

နှင်းနုဝင်း