News

POST TYPE

NEWS

ဝူဟန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ပြန့်ပွား လူ ၁၃၀၀ နီးပါး ကူးစက်ခံရ၊ ၄၁ ဦးသေဆုံး
26-Jan-2020

ဝူဟန်တွင် အရေးပေါ်ကုသရေးဌာနကို တည်ထောင်နေပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်


ဘေဂျင်း၊ ဇန်နဝါရီ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်ဒေသမှ စတင်ပြန့်ပွားသည်ဟု ယူဆရသော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါပိုး ကူးစက်ခံရသူ ၁၂၈၇ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၄၁ ဦးရှိသွားပြီ ဖြစ်ကြောင်း တရုတ်ကျန်းမာရေးအရာရှိများက ထုတ်ပြန်ထားသည်။

တရုတ်ယဉ်ကျေးမှုတွင် အရေးပါသော နှစ်သစ်ကူးပွဲတော်ကာလနှင့် တိုက်ဆိုင်စွာ ကူးစက်ရောဂါပိုး အကျပ်အတည်းဖြစ်ပွားနေခြင်းဖြစ်သည်။

ဝူဟန်မြို့တွင် အခမ်းအနားများစွာကို ပယ်ဖျက်ခဲ့ပြီး ဆေးရုံအသစ်တစ်ခုလည်း အမြန်ဆုံးနည်းဖြင့် တည်ဆောက်လျက်ရှိသည်။ 

သေဆုံးသူများအနက် တစ်ဦးမှာ ကျန်းမာရေးစောင့်ရှောက်ပေးသူ ဆရာဝန်တစ်ဦးဖြစ်ကြောင်း တရုတ်ဂလိုဘယ်ရုပ်သံ ကွန်ရက်သတင်းက ဖော်ပြထားသည်။

ဗိုင်းရပ်စ်သည် ယခုအခါ ဥရောပနိုင်ငံများသို့ ကူးစက်သွားပြီဖြစ်ကာ ပြင်သစ်တွင် ရောဂါကူးစက်ခံရမှုဖြစ်စဉ် ၃ ခု ကြုံထားရသည်။ 

သြစတြေးလျနိုင်ငံတွင်လည်း အလားတူ ကူးစက်မှုဖြစ်စဉ်တစ်ခုတွေ့ကြုံထားရသည်။ 

တရုတ် ဝူဟန်တွင် ခုတင်တစ် ထောင်ဆေးရုံကို ချက်ချင်းတည်ဆောက်နေပြီး မကြာခင်ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုကိုင်တွယ်ကုသမည် ဖြစ်သည်။

ဝူဟန်တွင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ရပ်တန့်ထားပြီး မြို့မှထွက်ခွာမည့်လေယာဉ် ခရီးစဉ်များကို ရပ်ဆိုင်းထားလျက်ရှိသည်။

ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ စသည့် ဒေသတွင်းနိုင်ငံများတွင် လည်း ဝူဟန်အဆုတ်ရောင် ဝေဒနာကူးစက်မှုများ စတင်တွေ့မြင်နေရပြီဟု သတင်းများက ဖော်ပြထားသည်။

တိရစ္ဆာန်များကို ထိတွေ့ခြင်း၊ လူထူထပ်ရာနေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်ကာ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်သင့်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

F-02