News

POST TYPE

NEWS

ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန် မဲဆွယ်ပေးမည်
26-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၅

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် သမ္မတဟောင်း ဦးသိန်းစိန်က မဲဆွယ်ပေးမည်ဖြစ်ကြောင်း အဆိုပါပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများ စုပေါင်း၍ သဘောထားအမြင်ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်အနေနှင့် နိုင်ငံရေးတာဝန်များ၊ အစိုးရတာဝန်များ ထမ်းဆောင်လိုသည့်ဆန္ဒ မရှိတော့သော်လည်း ပါတီဝင်တစ်ဦးအနေနှင့်၊ ပါတီခေါင်း ဆောင်ဟောင်းတစ်ဦးအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေးအတွက် တာဝန်ရှိသည့်အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်သွားရန်ရှိကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဆက်လက်ပြောကြားသည်။

“နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ပေမယ့်လည်း ၂၀၂၀ ပါတီ အောင်နိုင်ရေးအတွက် သူ့ရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ပါတီအောင်နိုင်ရေးအတွက် သူနဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တစ်ချိန်က ပါတီဝင်တွေ အားလုံးဟာ ၂၀၂၀ မှာ ကျွန်တော်တို့ ပါတီခေါင်းဆောင် ဦးသန်းဌေးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဦးဆောင် မှုနဲ့အတူ တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကြိုးစားသွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်သူလူထုနှင့် တွေ့ဆုံပွဲတစ်ခုကို ပြုလုပ်ထားခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ဘာသာနှင့် လူမျိုးကို စောင့်ရှောက်သည့်ပါတီကို မဲပေးကြရန် ပြောဆိုမှုပြုလုပ်ထားခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် သမ္မတဟောင်း ဦးသိန်းစိန်သည် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်ပြီး လက်ရှိတွင် ပါတီဥက္ကဋ္ဌရာထူးကို ဦးသန်းဌေးကို လွှဲပေးထားခဲ့သည်။

J-08