News

POST TYPE

NEWS

ဝူဟန်တွင်ပိတ်မိနေသော မြန်မာကျောင်းသားများအတွက် သံရုံးမှအစားအစာထောက်ပံ့ရန် တရုတ်အစိုးရနှင့် ညှိနှိုင်း
25-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၅

ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ကျောင်းသူများ၏ အစာရေစာ ငါးရက်စာခန့်သာကျန်ရှိတော့ပြီး သံရုံးမှ အစားအစာထောက်ပံ့ရန် တရုတ်အစိုးရ နှင့် ညှိနှိုင်းရမည့်အခြေအနေ ရှိနေသည်ဟု မြန်မာကျောင်းသားများထံမှသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူအရေအတွက်မှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိ ၄၀ ကျော်အထိမြင့်တက်နေပြီး ကူးစက်ခံရသူအရေအတွက်မှာလည်း ၁၃၀ဝ ကျော်အထိရှိနေကြောင်း ရောဂါစတင်တွေ့ရှိရာ ဝူဟန်မြို့ရှိ တက္ကသိုလ်၄၀ ကျော်တွင်တက်ရောက်နေသည့် မြန်မာကျောင်းသားကျောင်းသူ ၆၀ မှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိ သက်ဆိုင်ရာတက္ကသိုလ် အဆောင်များတွင်ပင် နေထိုင်လျှက်ရှိပြီး ပြင်ပသို့ထွက်ခွာရန် အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည်။

“ဇန်နဝါရီလ ၂၅ရက်နေ့ မနက်ကနေစပြီး ကျွန်တော်တို့ကို သံရုံးကတောက်လျှောက် ဆက်သွယ်လာပြီ။ကျွန်တော်တို့ လိုအပ်တာတွေကို စီစဉ်နေတယ်။ဒါပေမယ့် အစားအသောက်ပို့ပေးဖို့က တရုတ်အစိုးရနဲ့ ညှိရမယ့် အခြေအနေမှာရှိနေတယ်။သူတို့ အကောင်းဆုံး ကြိုးစားနေတယ်လို့တော့ပြောတယ်။ကျွန်တော်တို့မှာအစားအစာက အများဆုံးနောက်ထပ် ငါးရက်စာလောက်ပဲကျန်တယ်။ဒါက အများဆုံးကို ပြောလိုက်တာ။ဒီထက် နည်းရင်လည်းနည်းသွားနိုင်တယ်”ဟု Wuhan University of Technology တွင် ကျောင်းတက်နေသည့် ကိုစည်သူထွန်းကပြောသည်။

ရောဂါပြန့်နှံ့မှုအခြေအနေကြောင့် တရုတ်နိုင်ငံရှိ မြို့၁၀မြို့ ခန့်ကို အစိုးရကပိတ်ထားပြီး ရောဂါစတင်တွေ့ရှိရာ ဝူဟန်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များ အတိုင်းတိကျစွာ လိုက်နာရန်နှင့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက သံရုံးသို့ ဆက်သွယ်ရန်နှင့် မြန်မာသံရုံးအနေဖြင့်လည်း တရုတ်နိုင်ငံရှိသက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံသားများ အတွက်လိုအပ်သည့် အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ရန်ဆောင်ရွက်ပေးမည်ဟု ဇန်နဝါရီလ၂၃ရက်နေ့က ထုတ်ပြန်ထားသည်။

ရောဂါကူးစက်မှုမြင့်တက်နေသည့်အတွက် ဝူဟန်မှ မန္တလေးသို့ပြေးစွဲနေသည့် လေကြောင်းလိုင်းကို ဇန်နဝါရီလ ၂၄ရက်နေ့မှ ၂၉ရက်နေ့အထိ ယာယီရပ်နားထားပြီး နယ်စပ်နှင့် လေဆိပ်တို့မှရောက်ရှိလာသည့် တရုတ်နိုင်ငံသားများကိုလည်း ရောဂါစစ်ဆေးခြင်းများကို ဆောင်ရွက်နေသည်။

အောင်သက်ကို