News

POST TYPE

NEWS

လူငါးထောင်ကျော် အပူရှောင်နားနိုင်မည့် သဘာဝရိပ်သာစခန်းတည်ဆောက်မည်
25-Jan-2020


မကွေး၊ ဇန်နဝါရီ ၂၅

ပူပြင်းခြောက်သွေ့သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မကွေးမြို့တွင် လူဦးရေ(၅၀ဝ၀)ကျော် အပူရှောင်နားနိုင်မည့် ဘိုးသက်ရှည် အမည်ရှိ သဘာဝရိပ်သာစခန်းတစ်ခုကို မကွေးမြို့တွင် တည်ဆောက်လျှက်ရှိကြောင်း ပညာပါရမီဆရာတော် အရှင်သဇ္ဇနက မိန့်ကြားသည်။

အဆိုပါ သဘာဝရိပ်သာစခန်းကို မကွေးမြို့၊ တောင်တွင်းလမ်းရှိ ပညာပါရမီစာကြည့်တိုက်နှင့် DENKO  ဆီဆိုင်တို့၏တောင်ဘက် တစ်မိုင်ခန့်အကွာ၊ ဆည်မြောင်းတည်ဆောက်ရေး (၈)ရုံး၏ အရှေ့ဘက် နှစ်ဖာလုံအကွာတွင် တည်ဆောက်နေကြောင်း အရှင်သဇ္ဇနက မိန့်ကြားသည်။

အဆိုပါသဘာဝစခန်းတည်ဆောက်ရန်အတွက် စီမံချက်မြေဧက(၅၀)ရှိပြီး စီမံချက်ဧရိယာအတွင်း ရွှံ့၊ ကောက်ရိုး၊ စပါးခွံများဖြင့် အသုံးပြုဆောက်လုပ်ထားသည့် မြေကြီးအိမ် နားနေဆောင်များ၊ အော်ဂင်းနစ်စိုက်ခင်းများ၊ အပင်မျိုးစုံစိုက်ပျိုးပြီး စာတွေ့လက်တွေ့ သင်ကြားပေးမည့် Alternative School သင်တန်းခန်းများ ပါဝင်သည်။

ထို့အပြင် အဆိုပါမြေနေရာပေါ်၌ ဝိပဿနာသင်တန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်သင်တန်းများ၊ ခေါင်းဆောင်မှုသင်တန်းများနှင့် အောင်ဂဲနစ်စိုက်ပျိုးနည်းသင်တန်းများပါပို့ချသွားမည်ဖြစ်သည်။

"ဒါတွေလုပ်ဖို့ ဟိုကလှူ ၊ ဒီကလှူ နဲ့ ကျပ်သိန်း(၃၀ဝ)ကျော်ကုန်သွားပြီ။လာတည်းခိုတဲ့သူတွေနဲ့ သင်တန်းလာတက်သူတွေကို ရှိတာကျွေးမယ်။စောင့်ရှောက်မှုက မြို့နဲ့ဆိုင်တယ်။ရှိလို့လုပ်တာမဟုတ်ဘူး။လုပ်ချင်လို့ထလုပ်နေတာ။တခြားသူတွေလဲပိုကောင်းအောင် သင်တန်းတွေပေးသွားမယ်" ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါစီမံကိန်းအားလက်ရှိတွင် မြေ(၂)ဧကဖြင့် စတင်လုပ်ဆောင်နေပြီး ဘိုးသက်ရှည်သဘာဝရိပ်သာစခန်းတွင် ဖေဖော်ရီလမှစတင်ကာ သင်တန်းများပေးမည်ဖြစ်ပြီး၊ ဧပြီလတွင် အနယ်နယ်အရပ်ရပ်မှ လူဦးရေ(၂၀ဝ)ကျော် စတင်တည်းခိုနေနိုင်ရန် ပြုလုပ်လျှက်ရှိသည်။

လွင်အေး