News

POST TYPE

NEWS

၃၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခွင့်ပြု
25-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၃၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂/၂၀၂၀ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ရင်းနှီးမြှုပ်ပ်နှံမည့် ၃၅၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် LNG စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အဦတည်ဆောက်ဖွံဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း ၈ ခု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၉၄ ဒသမ ဝ၉၅ သန်းနှင့် ကျပ် ၁ယ၅၂၂၀ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၅၈၇ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် လျှပ်စစ်ကဏ္ဍ၌ ဟောင်ကောင်ကအများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကာ နောက်ပိုင်းတွင်လည်း လျှပ်စစ်ကဏ္ဍ၌ ထပ်မံဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး နိုင်ငံပေါင်း ၅၀ က စီးပွား ရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားမှုအနေဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ဝ၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

J-11