News

POST TYPE

NEWS

မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ YBS 4 ယာဉ်လိုင်း၏ ယာဉ်မောင်းမဟုတ်ဟု ဆို
24-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

YBS ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွားခဲ့သော မှုဒိမ်းမှုကိုကျူးလွန်ခဲ့သည့် ယာဉ်မောင်းမှာ YBS 4 ယာဉ်လိုင်းမှ ယာဉ်မောင်းမဟုတ်သည့်အတွက် ယာဉ်လိုင်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ယာဉ်မောင်းများသမဂ္ဂဥက္ကဋ္ဌ ဦးလှမိုးက ပြောသည်။

ယင်း YBS 4 ယာဉ်အတွက် ခန့်အပ်ထားသော ယာဉ်မောင်းသည် ဇန်နဝါရီ ၁၄ ရက် နံနက်က CNG ဂက်စ် သွားထည့်ရန် သွားရောက်စဉ် သူငယ်ချင်းဖြစ်သူယာဉ်မောင်း ကိုပြုံးကိုကိုနှင့်တွေ့ရှိခဲ့ပြီး ၎င်းမှာ အလုပ်ပြုတ်လာသောကြောင့် စာနာစိတ်ဖြင့် ကားပေးမောင်းခဲ့ရာ မှုဒိမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းကရှင်းပြသည်။

"မိမိယာဉ်လိုင်းက မဟုတ်ဘဲ တခြားသူကိုပေးမောင်းလို့ ကျွန်တော်တို့ခန့်ထားတဲ့ ယာဉ်မောင်းကိုလည်း ခံဝန်ကတိထိုးခိုင်းပါတယ်" ဟု ၎င်းကဆိုသည်။

ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၁၄ ရက်က ဗိုလ်တထောင်ရှိ သူငယ်ချင်းတစ်ဦး နေမကောင်းသဖြင့် သွားရောက်ပြုစုပြီး ပြန်လာစဉ် ဂန္ဒီမှတ်တိုင်မှ YBS 4 ကားစီးပြီး အမှတ် ၆၅ မှတ်တိုင်ဆင်းရမည့် မှတ်တိုင်ကျော်သွားသဖြင့် ယာဉ်မောင်းဖြစ်သူက ယုဇနတွင် ဂိတ်ဆုံးပြီး ပြန်လာမည်ဖြစ်ကြောင်း ပြောသဖြင့် လိုက်ပါခဲ့ရာမှ ဂိတ်ဆုံးတွင် အဓမ္မပြုကျင့်ခံခဲ့ရသည်။

ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်တောင်ပိုင်းနေ ကိုပြုံးကိုကိုအား ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းက (ပ)အမှတ် ၈၄။၂၀၂၀ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

အေးချမ်းသူ