News

POST TYPE

NEWS

ကျောက်မဲတွင် ထွေ/အုပ်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
24-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခံရသူ အမျိုးသားမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ စာရေးဖြစ်ပြီး မိုင်းတင်ကျေးရွာမှ ကျောက်မဲမြို့ဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ်လမ်းတွင် အသင့်စောင့်နေသော အမည်မသိ အမျိုးသားနှစ်ဦးက ၎င်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသားမှာ ဝမ်းဗိုက်တွင် ကျည်မှန်ဒဏ်ရာ ရရှိခဲ့ သောကြောင့် လားရှိုးဆေးရုံသို့ တင်ပို့ထားရပြီး ပြစ်မှုကျူးလွန်သည့် အမည်မသိအမျိုးသားနှစ်ဦးကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျောက်မဲမြို့တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မိုင်းတင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ယင်းမိုင်းတင်းကျေးရွာ အုပ်စု၊ ဝေလုံကျေးရွာတွင် နေထိုင်သော ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားတစ်ဦးတို့မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

S-03