News

POST TYPE

NEWS

ဘွဲ့ဝတ်ရုံအပြည့်မဝတ်ဘဲ ဓာတ်ပုံရိုက်လျှင် ဘွဲ့မပေးဘဲ ပိုင်နက်ကျူးလွန်မှုဖြင့်အရေးယူမည်ဟု မကွေးတက္ကသိုလ်ကြေညာ
24-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ဘွဲ့ဝတ်ရုံများကို အပြည့်အစုံ မဝတ် ဆင်ဘဲတက္ကသိုလ် ပရိဝုဏ်အတွင်း ဓာတ်ပုံ ရိုက်ကူးပါက ဘွဲ့အပ်နှင်းခြင်းကို ငြင်းပယ်မည့်အပြင် ဓာတ်ပုံရိုက်ကူးပေးသူကိုလည်း ပိုင်နက်ကျူးလွန်သူအဖြစ် အရေးယူမည်ဟု မကွေးတက္ကသိုလ်က ကြေညာသည်။

မကွေးတက္ကသိုလ် ပရိဝုဏ်အတွင်း ဘွဲ့ဝတ်ရုံများကို အပြည့်အစုံမဝတ်ဆင်ဘဲ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ကူးနေခြင်းများသည် မကွေးတက္ကသိုလ်၏ ဂုဏ် သိက္ခာကို ညှိုးနွမ်းစေပြီး ရယူမည့်ဘွဲ့ အပေါ် တန်ဖိုးထားရာလည်း မရောက်သည့်အတွက် တက္ကသိုလ်ပရိဝုဏ်အတွင်း ဓာတ်ပုံရိုက်ကူးပါက ဓာတ်ပုံရိုက်ကူးသည့် ကျောင်းသားကျောင်းသူကို တက္ကသိုလ် စည်းကမ်းများနှင့်အညီ ဘွဲ့အပ်နှင်းမှုမှငြင်း ပယ်ခံရမည်ဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကူး ပေးသူကိုလည်း ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ကူးပေးခြင်းဖြစ်သည့်အတွက် ပိုင်နက်ကျူးလွန်သူအဖြစ် ဥပဒေအရအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတက္ကသိုလ် ၏ဘွဲ့နှင်းသဘင်ကျင်းပရေး ဦးစီးကော်မတီက ကြေညာထားသည်။

“တချို့ကလေးတွေက ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်တာ တခြားနိုင်ငံတွေလိုမျိုး ရိုက်ကြတာမျိုးဖြစ်တော့ ဘွဲ့ဝတ်စုံရဲ့ သတ်မှတ်ချက်နဲ့မညီလို့ သတိပေးတဲ့သဘောပါ။ တချို့ကလေးတွေက မှားပြီး ဝတ်လာတာမျိုးလေးတွေရှိရင်လည်း ဒါတော့ ဒီလိုမလုပ်ရဘူးဆိုတာမျိုး ပြောပြပေးတယ်။ အရေးယူတာမျိုးဆိုတာတော့ မလုပ်ပါဘူး။ သတိထားစေချင်လို့ ထုတ်လိုက်တာမျိုးပါ” ဟု မကွေး တက္ကသိုလ်မှ ကထိက ဦးလှိုင်ထွန်းအောင်က ပြောသည်။

ဘွဲ့ဝတ်စုံနှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ်က အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားများ ဆန္ဒပြစဉ်က ဘွဲ့ဝတ်စုံ ဝတ်ဆင်ကာ ဆိုက်ကားနင်းခြင်း၊ ပဲပြုတ်ရောင်းခြင်း၊ ဂျာနယ်ရောင်းခြင်း အစရှိ သည့် ဘွဲ့ရပညာမတတ်သည့် အခြေအနေကို မြင်သာစေရန် ပါဖောမန့်ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ရသေးသည်။

ဘွဲ့ဝတ်စုံ၏ သမိုင်းအရ ပညာတတ်များအဖြစ် သတ်မှတ်ခြင်းခံကြရသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်းဖြစ် သည်ဆိုသောသဘောကို ဖော်ကျူးရန်အတွက် တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။

သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းသားများက တက္ကသိုလ်နှင့် ဘွဲ့နှင်းသဘင်ဓာတ်ပုံတင်ဒါ အောင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ 

လက်ရှိတွင် မိုးနတ်မယ် ဓာတ်ပုံမှ ဘွဲ့နှင်းသဘင်ဓာတ်ပုံ ရိုက်ကူးခွင့်ကို တင်ဒါအောင်မြင်ခဲ့ပြီး ဘွဲ့ယူသူများအနေ နှင့် ပုံကြီး ၂ ပုံ၊ ပုံသေး ၁၂ နှင့် DVD နှစ်ချပ်အတွက် စုစုပေါင်း ၁၆,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။ 

အောင်သက်ကို