News

POST TYPE

NEWS

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို မလိုက်နာဟုဆို
24-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲသည့်နေရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားသည်။ 

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ကိုင်တွယ်စီမံရာမှာ တည်ဆဲလုပ်ထုံးလုပ် နည်းတွေချိုးဖောက်ပြီးတော့ နိုင်ငံတော် ဘဏ္ဍာနစ်နာဆုံးရှုံးလျက်ရှိကြောင်းကို စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရှိရပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲသည့် နေရာများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ လိုက်နာမှုမရှိခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များစွာနစ်နာဆုံးရှုံး လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုပ်ထုံးလုပ်နည်းမှားယွင်းမှုကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ နစ်နာဆုံးရှုံးသဖြင့် အဂတိ မြောက်သည်ကို အဂတိတိုက်ဖျက်ရေး ကော်မရှင်နှင့် ဒေါက်တာအောင်ဇော်အမှုကို နမူနာယူသင့်ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြပြောဆိုသည်။

“သတင်းထွက်ပြီးမှ လိုက်လိုက်ပိတ်နေရတာ။ နောက်ကနေ လိုက်ဖြေရှင်းရတာဟာ ကျွန်မတို့အစိုးရလက်ထက်မှာ သိက္ခာကျတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အထူးကြပ်မတ်စေချင်ပါတယ်” ဟု ကျောက် တံတားမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများအနေဖြင့် ၂၀၁၆-၁၇ ခုနှစ် အစီရင်ခံစာ၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ယနေ့အထိ အကောင်အထည်ဖော်နိုင်မှု အားနည်းလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လွှတ်တော်တွင် ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။

ဇော်မိုးလွင်