News

POST TYPE

NEWS

ရန်ကုန် အစိုးရမြေကွက်လျှောက်ထားသူ ၁၂၀၀၀ ကျော်အနက် ဝယ်ခွင့်ရသူ ၂၆၂ ဦးသာရှိ
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ရောင်းချမည့် မြေကွက်လျှောက်ထားသူ ၁၂,၀၀၀ ကျော်ရှိသည့်အနက် ဝယ်ယူခွင့်ရရှိသူ ၂၆၂ ဦးသာရှိကြောင်း တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှောက်လွှာတစ်စောင်လျှင် ကျပ် ၁၀၀၀၀ နှင့်ရောင်းချခဲ့ပြီး လျှောက်လွှာဝယ်ယူသူပေါင်း ၁၅၀၀၀ ရှိသည့်အတွက် လျှောက်လွှာရောင်းရငွေ ကျပ်သိန်း ၁၅၀၀ ကျော် အသားတင်ရရှိခဲ့ကာ ပြန်လည်လျှောက်ထားသူ ၁၂၀၀၀ သာရှိခဲ့ခြင်းဖြစ်သည်။ 

“ လျှောက်ထားတုန်းကတော့ တန်ဖိုးနည်းမြေကွက်ဆိုလို့ မရှိတဲ့ကြားက လာလျှောက်တာ၊ အခုထုတ်ပြန်လိုက်တဲ့ဈေးနှုန်းတွေက အရစ်ကျကိုတောင် နှစ်ခါခွဲပေးတာပဲလက်ခံမယ်ဆိုတော့ မဝယ်နိုင်ပါဘူး။ ဈေးတွေကလည်း ရာဂဏာန်းတွေကများတယ်၊ တကယ်လိုအပ်တဲ့သူတွေဝယ်ဖို့ မလွယ်တဲ့ဈေးတွေ” ဟု မြောက်ဒဂုံမြို့နယ်မှ မြေကွက်လျှောက်ထားသူ ဦးဝင်းမင်းအောင်ကပြောသည်။

ယခုရောင်းချသော မြေများမှာ အကွက်အလိုက် ပေ ၁၀၀ ပတ်လည်မှ ပေ ၄၀၊ ပေ ၆၀ အကျယ်ရှိ မြေကွက်များပါဝင်ပြီး မြေကွက်စုစုပေါင်း ၅၅၂ ကွက်တွင်
စည်ကမ်းချက်နှင့် ကိုက်ညီ၍ ဝယ်ယူခွင့်ရရှိသူ ၂၆၂ ဦးသာရှိကြောင်း အစိုးရအဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။ 

ပထမအကြိမ် ဧကအကွက်ရောင်းချမှုကို ဝယ်ယူခွင့်ရရှိသူ ၁၉ ဦး ရှိကြောင်း ဇန်နဝါရီလ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် မြေကွက်အလိုက်ဝယ်ယူခွင့်ရရှိသူများကို ထပ်မံကြေငြာခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဝယ်ယူခွင့်ပြုသည့် မြေကွက်များမှာ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံတောင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့မှ မြေကွက်များဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ် သိန်း ၅၀ မှ ကျပ် သိန်း ၁၁၀၀ အထိ ဈေးနှုန်းသတ်မှတ်ထားသည်။

အစိုးရက ရောင်းချသည့်မြေကွက်ဈေးနှုန်းများမှာ ဧကကွက်များတွင် ကျပ်သိန်း ၂၁,၀၀၀ အထိ တန်ဖိုးကြီးမြေကွက်များပါဝင်ပြီး ကျပ်သိန်းတစ်ရာအောက်မြေကွက်အဖြစ် သိန်း ၅၀ မှ ၉၈ သိန်းကြား မြေကွက် ၆၉
ကွက်သာပါဝင်ကြောင်း တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

မြေကွက်ဝယ်ယူခွင့်ရရှိသူများသည် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ နှစ်လအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ငွေပေးသွင်းဝယ်ယူနိုင်မည်ဖြစ်သည်။

ပြည့်ဖြိုးမြင့်မွန်