News

POST TYPE

NEWS

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကျေးလက်နေပြည်သူကို ဆင်းရဲတွင်းမှလွတ်စေနိုင်သည်ဟု ပဲခူးဝန်ကြီးချုပ်ပြောဆို
23-Jan-2020
တောင်ငူ၊ဇန်နဝါရီ၂၃

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်နေသမျှကာလပတ်လုံး ကျေးလက်နေပြည်သူများ၏
လူမှုဘဝများဖွံဖြိုးတိုးတက်ကာဆင်းရဲတွင်းမှ လွတ်မြောက်စေနိုင်သည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက
ပြောကြားသည်။

ပဲခူးမြို့နယ်မြို့တော်ခန်းမတွင် ဇန်နဝါရီ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က တိုင်းဒေသကြီးတွင်းမြို့နယ်အချို့ လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ရွေးချယ်ခြင်းနှင့်အကြံဉာဏ်ရယူခြင်း အခမ်းအနားကျင်းပစဉ် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

"ကျေးလက်နေပြည်သူတွေ ဆင်းရဲမှုကလွတ်မြောက်မှအနာဂတ်မှာ မြို့ပြနဲ့ကျေးလက် ဖွံဖြိုးမှုညီမျှလာမယ်။ဒါကြောင့် နိုင်ငံတကာ  အဖွဲ့အစည်းများက ထောက်ပံ့ကူညီမှုကို အကျိုးရှိရှိအသုံးချ ပူးပေါင်းဆောင်ရွက်စေလိုတယ်" ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ ၊ ချေးငွေ ၊ အီတလီအစိုးရ၏ အတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ မြို့တွင် စတင်အကောင်ထည်ဖော်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မိုးညို၊ ကျောက်ကြီး၊ ပန်းတောင်း၊ ရွှေကျင်၊     သဲကုန်းမြို့များပါဝင်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မှတ်တမ်းများအရသိရှိရသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများပြားလာလျှင် ကျေးလက်နေပြည်သူများကို ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်သည်ဟုဆိုသည်မှာ သွယ်ဝိုက်၍  ဆိုပါက လက်ခံရမည်ဖြစ်သော်လည်း  ပြည်ထောင်စုအစိုးရ၊  တိုင်းဒေသကြီးနှင့်နယ်အစိုးရများက ပြည်ပရင်နှီးမြုပ်နှံမှုများကို အတတ်နိုင်ဆုံး ကူညီပေးနိုင်မှုမပြုလျှင်မြို့ပေါ် လူတန်းစားများပင် အဆင်မပြေနိုင်ကြောင်း UMFCCI ဗဟိုကော်မတီဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

လူထုဗဟိုပြုစီမံကိန်းများကို ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိမြို့ပေါင်း ၁၃ မြို့ကိုထပ်မံတိုးချဲ့ရွေးချယ်ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့တစ်ခုတိုးမြင့်ရရှိမည်ဖြစ်ကာ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း လမ်းတံတားရေရရှိရေးအပါအဝင် လုပ်ငန်း ၁၉၀၉ ခုကို ရန်ပုံငွေကျပ်သန်ပေါင်း(၂၀၄၀၇)
သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်သည်။

R-15