News

POST TYPE

NEWS

တက္ကသိုလ်လေးခု ချိတ်ဆက်ပြေးမည့်ယာဉ်လိုင်း ဖေဖော်ဝါရီတွင် စတင်ပြေးဆွဲမည်
23-Jan-2020
ယာဉ်လိုင်းအသစ်ကို Omni Focus ကုမ္ပဏီလီမိတက်မှ ယာဉ်အစီးရေ ၂၇ စီးဖြင့် ပြေးဆွဲမည်ဖြစ်သည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မြောက်ဥက္ကလာဆေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်တို့ကို ချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းသစ်ကို ဖေဖော်ဝါရီလတွင် ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

၎င်းက ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“လက်ရှိပို့ဆောင်ရေးမှာ သတ်မှတ်ထားတဲ့ဥပဒေအရ ဒီလိုင်းထဲမှာ ပြေးတဲ့ယာဉ်ကို လိုင်းပြောင်းရွှေ့မယ်ဆိုရင် တကယ်လို့ လုပ်ငန်းလိုင်စင်က ဂငယ်ဖြစ်နေရင် ခခွေးပြောင်းရတယ်။ အဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကို ခုလုပ်ပြီးသွားပြီ၊ ဒီနေ့နောက်ဆုံး သိရတာကတော့ သူတို့ ဖေဖော်ဝါရီလအတွင်းပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတယ်” ဟု ဦးလှအောင်က ပြောသည်။

အဆိုပါ ယာဉ်လိုင်းအသစ်ကို ယာဉ်အစီးရေ ၂၇ စီးဖြင့် Omni Focus ကုမ္ပဏီလီမိတက်မှ စတင်ပြေးဆွဲမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ 

ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းမှာ နည်းပညာတက္ကသိုလ် လှိုင်သာယာဂိတ်ရင်းမှစထွက်ပြီး ရန်ကုန်-ပုသိမ်လမ်း-အနော်ရထာလမ်း-ရွှေပြည်သာတံတား-ရွှေပြည်သာတံတားလမ်း- ဒညင်းကုန်း လမ်းဆုံ-ခရေပင်လမ်း -အမှတ် (၃) လမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး- ၆ ကွေ့-သုဓမ္မာလမ်း-ခေမာသီလမ်း-ဆေး တက္ကသိုလ်(၂)-မြောက်ဥက္ကလာအဝိုင်း- စက်မှုလမ်း၊ ဗိုလ်မှူးဗထူးလမ်း-ကျန်စစ် သားလမ်း-မင်းရဲကျော်စွာလမ်း-တော်ဝင် လမ်း-ဒဂုံတက္ကသိုလ်-ဗိုလ်မှူးဗထူးလမ်း-အမှတ်၂ လမ်းမကြီး-စီးပွားရေးတက္က သိုလ် (ရွာသာကြီး) တို့ ဖြစ်ကြောင်း သိရှိ ရသည်။ 

ယခုလက်ရှိတွင် YBS ယာဉ်လိုင်း ၁၀၀ မှ လမ်းကြောင်းပေါင်း ၁၃၅ ခုကို ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်အစီးရေ ၄၃၀၀ ကျော်ဖြင့် နေ့စဉ်ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကျော်ကို ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

မို့မို့အေး