News

POST TYPE

NEWS

တရုတ်နိုင်ငံတွင် လူနှစ်ရာကျော်ရောင်းစားခံရသည့်သတင်း မဟုတ်မှန်ဟုဆို
23-Jan-2020
ရန်ကုန်၊  ဇန်နဝါရီ ၂၂

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော တရုတ်နိုင်ငံတွင် လူနှစ်ရာကျော် သုံးရာနီးပါးရောင်းစားခံရသည့် သတင်းမှာ မဟုတ်မှန်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသတင်းကို ဇန်နဝါရီ ၂၁ ရက်နေ့က Oo Nay အကောင့်တွင် မြန်မာနိုင်ငံသား အယောက်နှစ်ရာကျော်၊ သုံးရာနီးပါး တရုတ်ပြည်မှာ ရောင်းစားခံရမည်ဖြစ်သောကြောင့် အမြန်ဆုံးလာခေါ်ပါရန် နှင့် ကူမင်းမြို့ မရောက်မီ ကွမ်းရှီးဝါးမြို့အနီးတွင် အကျောက်အကန်ငြင်းကာ  မြန်မာနိုင်ငံကို ပြန်ပို့ခိုင်းသည့် ဗီဒီယိုဖိုင်ကို ဝိုင်းရှယ်ပေးကြပါရန် ရေးသားခဲ့သည်။

ယင်းဗီဒီယိုဖိုင် လွှင့်တင်မှုနှင့် ပတ်သက်ပြီး နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဆက်သွယ်စုံစမ်းခဲ့ရာ အဆိုပါ မြန်မာနိုင်ငံသားများမှာ တရုတ်နိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင် သူများဖြစ်ပြီး တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်တွင် ကားငှား၍ မြန်မာနိုင်ငံသို့ ပြန်လာသူများဖြစ်ကြောင်း လူကုန်ကူးတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လာသူများမှာ ကွမ်းရှီးပြည်နယ်၊ ပိုင်ဆက်မြို့၊ ထျန်တုန်းစီရင်စု စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးခံရစဉ် ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် မြန်မာနယ်စပ်သို့ ပြန်ရန် အခက်အခဲရှိသဖြင့် လူကုန်ကူးခံရသည်၊ ရောင်းစားခံရသည် ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးတင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယာဉ်ပေါ်တွင်ပါရှိသည့် လူဦးရေ ၁၆၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်သို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် နည်းလမ်းမျိုးစုံဖြင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ခြင်းသည် မိမိတို့၏ ဂုဏ်သိက္ခာ၊ မိသားစုဝင်များ၏ ပူပင်သောကရောက်မှုများ ဖြစ်ရုံသာမက အဆိုးဆုံးအဖြစ် လူကုန်ကူးမှုကိုပါ ကျူးလွန်ခံရနိုင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အသိပညာပေး သတင်းထုတ် ပြန်ခဲ့သည်။

S-03