News

POST TYPE

NEWS

စီးပွားရေးဗီဇာသက်တမ်းတိုးထောက်ခံချက် အွန်လိုင်းစနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

စီးပွားရေးဗီဇာသက်တမ်းတိုး ထောက်ခံချက် လျှောက်ထားသူများ ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် ဖေဖော်ဝါရီလမှစတင်ကာ Online Application Form  အသုံးပြု၍ စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသည် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စား ကုန်သွယ်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် မြန်မာ၊ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များမှ ပညာရှင်များ၊ အကြံပေးများနဲ့ အဆင့်မြင့်နိုင်ငံခြား သားဝန်ထမ်းများ၏ စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံချက်များ လျှောက်ထားရာတွင် ယခင်ကစာရွက်စာတမ်း ၁၆ မျိုး တင်ပြ စေခဲ့ရာမှ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန စတင်တာဝန်ယူချိန်မှ စတင်၍ Online မှ Application Form ရယူဖြည့်သွင်းပြီး အထောက်အထား ၄ မျိုးသာတင်ပြစေခြင်းဖြင့် လျှော့ချဆောင်ရွက်ပေးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

ယခုအခါ ခေတ်စနစ်နှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး လာရောက်လျှောက်ထားသူ မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များ ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံချက်ကို Online Application Form  အသုံးပြုပြီး လျှောက်ထားသည့် စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်အသုံး ပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး လာမည့်ဖေဖော်ဝါရီလမှ စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

Business Visa Extension ထောက်ခံချက်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သောကြောင့် ကုမ္ပဏီများအနေနှင့် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူလျင်မြန်ခြင်းနှင့် ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ထောက်ခံချက် ထုတ်ယူချိန်တစ်ကြိမ်သာ လာရောက်ရမည်ဖြစ်ကာ ယခုဖြေလျှော့မှုသည် စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ကုန်သွယ်မှုအခက်အခဲများ ဖြေရှင်းခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည်ဖြစ်ပြီး Ease of Doing Business အတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11