News

POST TYPE

NEWS

သမ္မတထရမ့်ကို စွဲချက်တင်မည့်အမှုအတွက် အခြေခံဥပဒေစည်းမျဉ်းများ ဆီးနိတ်လွှတ်တော် ပြဋ္ဌာန်း
23-Jan-2020

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ 

အာဏာအလွဲသုံးစားမှုများနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင် အရေးယူရေးအတွက် အခြေခံဥပဒေ စည်းမျဉ်းသတ်မှတ်ချက်များကို အမေရိကန်ဆီးနိတ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဒီမိုကရက်တစ်များက စွဲချက်တင်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သမ္မတထရမ့်၏ရှေ့နေများနှင့် အပြန်အလှန် စကားနိုင်လုပြောဆိုလျက်ရှိပြီး ရီပတ်ဘလစ်ကန်အမတ်များက နောက်ထပ်မျက်မြင်သက်သေများတင်သွင်းရန် ဒီမိုကရက်တစ်များ၏ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ 

ဒီမိုကရက်တစ်ပါတီဘက်က သမ္မတကို စွဲချက်တင်မည့်အမှုအတွက် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်သတ်မှတ်ရန် ကြိုးပမ်းခဲ့သော်လည်း ဆီးနိတ်ခေါင်းဆောင် မစ်ချ်မက်ကော်နယ်ဦးဆောင်သော ရီပတ်ဘလစ်ကန်ပါတီဘက်က မဲအသာစီးရကာ ပယ်ချနိုင်ခဲ့သည်။ 

လက်ရှိအချိန်တွင် ဆွစ်ဇာလန်နိုင်ငံဒါဗိုစ်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်နေသည့် သမ္မတထရမ့်က ၎င်း၏ သုံးနှစ်တာ သမ္မတသက်တမ်းအတွင်း အမှားတစ်စုံတစ်ရာမကျူးလွန်ခဲ့ဟု အခိုင်အမာပြောဆိုလျက်ရှိသည်။ 

“ဒီအမှုက လိမ်ဆင်သက်သက်ပါ။ တစ္ဆေဖမ်းပွဲတစ်ခုလိုပါပဲ၊ နှစ်တွေအချိန်တွေ အကြာကြီးပေးပြီး လုပ်နေကြတာ။ရှင်းရှင်းပြောရရင် ကျက်သရေကို မရှိဘူး” ဟု ၎င်းကပြောကြားသည်။ 

သမ္မတထရမ့်ကို အရေးယူသည့် ပထမပြစ်မှုဖြစ်သော အာဏာအလွဲသုံးစားမှုတွင် ထရမ့်သည်၎င်း၏ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘီဒင်ကို နိုင်ငံရေးအရ ထိုးနှက်နိုင်ရေးအတွက် ၎င်းနှင့်ပတ်သက်သော အချက်အလက်များကို ယူကရိန်းအာဏာပိုင်များကို  ဖိအားပေးခဲ့သည်။ 

ယင်းသို့ အပေးအယူလုပ်ခြင်းသည် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် အမေရိကန်ပြည်သူများ၏ ရန်ပုံငွေကို လွဲမှားစွာ အသုံးချခြင်းဖြစ်သည်။တစ်နည်းအားဖြင့်  အာဏာအလွဲသုံးစားမှုမြောက်သည်။ 

ဒုတိယပြစ်မှုမှာ သမ္မတကိုစွဲချက်တင်မည့်ကိစ္စအတွက် စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်မှု မပြုဘဲနေခြင်းသည်  ကွန်ဂရက်လွှတ်တော်ကို နှောင့်ယှက်ခြင်းဖြစ်သည်။ 

သမ္မတထရမ့်က ယခုဒီမိုကရက်ခေါင်းဆောင်များ ဦးဆောင်လုပ်ကိုင်နေသည့် မိမိအပေါ်စွဲချက်တင်ရန်ကြိုးပမ်းနေခြင်းသည် အာဏာသိမ်းရန်ကြိုးပမ်းခြင်း သာဖြစ်သည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက စွပ်စွဲပြောဆိုခဲ့ဖူးသည်။ 

“သမိုင်းဆိုတာက ခင်ဗျားတို့ကို ပြတ်ပြတ်သားသား တရားစီရင်ပေးပါလိမ့်မယ်”ဟု ထရမ့်ပြောကြားခဲ့သည်။ဒီမိုကရက် တို့ ဦးဆောင်သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီထံသို့ ပေးပို့သော စာမျက်နှာခြောက်မျက်နှာပါစာထဲတွင် ထရမ့်က အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီကို  ဒီမိုကရက်များက ပြောင်းပြန်ဇောက်ထိုးဖြစ်အောင် လုပ်ဆောင်နေသည်ဟု ဆိုခဲ့သည်။ 

F-01