News

POST TYPE

NEWS

ဧရာဝတီမြစ်ကြောင်းကို အင်းသတ်မှတ်ထားမှု ပယ်ဖျက်ရေး ရေလုပ်သား ၇၀ ဦး ဆန္ဒထုတ်ဖော်
23-Jan-2020


ချောက်၊ ဇန်နဝါရီ ၂၂

ဧရာဝတီမြစ်ကြောင်းကို အင်းသတ်မှတ်ခဲ့မှုကြောင့် ငါးဖမ်းရာတွင် အခကြေးငွေ အဆမတန် ပေးဆောင်နေရမှုကို ညောင်ဦး ဒေသခံ ရေလုပ်သား ၇၀ က ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၀ နာရီအချိန်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ညောင်ဦးမြို့နယ် ဧရာဇက်ဆိပ် အထက်ပိုင်းမှ မြင်းကပါဆိပ်ကမ်းဝန်းကျင်အထိ ဧရာဝတီမြစ်ကြောင်းကို တောင်ဖီအင်း၊ ပုဂံအင်း၊ မြင်းကပါအင်းတို့အဖြစ် သတ်မှတ် ထားခြင်းခံရကြောင်း၊ ရေလုပ်သားများက ငါးဖမ်းလုပ်ကိုင်လိုလျှင် အင်းတစ်ခုအတွင်း လုပ်ကိုင်ခွင့် လှေတစ်စီးကို ငါးသောင်းကျပ်မှ တစ်သိန်းကျပ်အထိပေးသွင်းရကြောင်း ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ရေလုပ်သားများက ပြောဆိုသည်။

ညောင်ဦးမြို့ အမှတ် ၅ ရပ်ကွက် မြို့နယ်အားကစားကွင်း အနောက်ဘက်ကွင်းပြင်၊ ရွှေစည်ခုံဘုရားပွဲတော် ကျင်းပသည့်နေရာတွင်ပြုလုပ်သော ဆန္ဒထုတ်ဖော်မှုတွင် ရေလုပ်သားများက ဧရာဝတီမြစ်နှင့် အင်းကွဲပြားပြီး ရေလုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိရေး (ဒို့အရေး)၊ ဥပဒေနှင့်အညီ ငါးဖမ်းကိရိယာလိုင်စင်ရရှိရေး (ဒို့အရေး)၊ အင်းသူကြီးက မတရား ဖမ်းဆီးထားသော ငါးဖမ်းပိုက်များ ပြန်လည်ရရှိရေး (ဒို့အရေး) စာသာပါ ဗီနိုင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ပြီး ရေလုပ်သား ၇၀ ဦးက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သော ၂၅ နှစ်တိုင် ရေလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးကျောက်ခဲက “ဧရာဝတီမြစ်ကြောင်းကို အင်းသတ်မှတ်နေတဲ့အတွက် အင်းလေလံရတဲ့ အင်းသူကြီးက ဦးဆောင်လုပ်ရတယ်။ ဦးဆောင်လုပ်ရတဲ့အတွက် အင်းသူကြီးက သူကျသင့်တဲ့နှုန်း ကုန်ကျထားတာတွေ ပြန်တင်တဲ့အတွက် ရေလုပ်သားတွေမှာ ကြတော့ လာထိတယ်။ အခုကျွန်တော်တို့ ဖြစ်ချင်တာက မြစ်ဟာမြစ်၊ အင်းဟာ အင်းလို့ ခွဲခြားလိုက်ရင် အားလုံးအဆင်ပြေမယ်”ဟု ပြောကြားသည်။

အင်းလေလံသက်တမ်း ကုန်ဆုံးရန် နှစ်လသာကျန်တော့သည့်အတွက် နောက်ထပ် သက်တမ်းအသစ်တွင် အင်းအဖြစ်သတ်မှတ်ခြင်းကို ပယ်ဖျက်၍ မြစ်အဖြစ်သာ တည်ရှိစေလိုပြီး ဥပဒေနှင့်အညီ ငါးဖမ်းကိရိယာလိုင်စင်လျှောက်ထား ချမှတ်ပေးစေလိုကြောင်း ရေလုပ်သားများက ပြောဆိုကြသည်။

နေနိုင်