News

POST TYPE

NEWS

ဒဂုံတက္ကသိုလ်ကျောင်းသားများ လိုင်းကားအခက်အခဲကြောင့် လမ်းလျှောက်၍ ကျောင်းတက်မည်
23-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသော ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျောင်းသားများ နေ့စဉ်ကြုံတွေ့နေရသော ယာဉ် လိုင်းအခက်အခဲများနှင့်ပတ်သက်၍ ဇန်နဝါရီ ၂၃ ရက်(ယနေ့)တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဦးဆောင်၍ တံတားဖြူမှတ်တိုင် (ဒဂုံမြို့သစ် တောင်ပိုင်း) မှ ဒဂုံတက္ကသိုလ်အထိ လမ်းလျှောက်၍ ကျောင်းတက်မည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှသိရသည်။

အဆိုပါလှုပ်ရှားမှုတွင် ကျောင်းသား ၂၀ ခန့် ပါဝင်၍ နံနက် ၈ နာရီတွင် စတင်မည်ဖြစ်ပြီး ဆန္ဒပြခြင်းမျိုးမဟုတ်ဘဲ  ယာဉ်လိုင်းအဆင်မပြေ၍ လမ်းလျှောက်၍ ကျောင်းတက်ရခြင်းဖြစ်ကာ တာဝန်ရှိသူများအနေနှင့် ကျောင်းသားများ၏ အခက်အခဲကို သတိထားမိအောင် ပြုလုပ်ရခြင်းဖြစ်သည်။

ထို့ပြင် ကြုံတွေ့နေရသော အခက်အခဲများကို တခြားတက္ကသိုလ်မှကျောင်းသားများ သတိထားမိအောင် လှုံ့ဆော်ပေးသည့်အနေနှင့် ယင်းလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

"ကားနှစ်ဆင့်စီးနေရတာ ပြဿနာမဟုတ်ဘူး။ ရှိတဲ့ကားလိုင်းတွေ က ၂၅၊ ၆၂၊ ၂၄ ရယ် သုံးလိုင်းရှိတယ်။ မြို့ထဲဘက်တွေကလာတဲ့ ကားလိုင်းတွေ ကျောင်းသားတွေရော အခြားခရီးသည် တွေရောပါလာတယ်။အဲ့ဒီကားတွေ တံတားဖြူမှတ်တိုင် ရောက်တဲ့အချိန်မှာ  ကျောင်းသားတွေကို ထပ်မတင်နိုင်တာမျိုးတွေရှိတယ်။ဂိတ်မှာက အမြဲတမ်းကျောင်းသား တစ်ရာ၊ နှစ်ရာလောက်ရှိတယ်" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုသုတကျော်က ပြောသည်။

ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းချိန်အမီရောက်ရန် ရရာကားကိုစီးနေရပြီး ကားကျပ်သောအခြေအနေများကြောင့် ခါးပိုက်နှိုက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ကြုံတွေ့နေရကြောင်း ၎င်းကထပ်မံပြောကြားသည်။

ယာဉ်လိုင်းပြေးဆွဲရန် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ ပထမကြိမ်အဖြစ် မြို့ထဲလမ်း ကြောင်းနှင့်ချိတ်ဆက်သော ယာဉ်လိုင်းတစ်လိုင်းကို ပြေးဆွဲပေးခဲ့ပြီး အဆင်မပြေသောကြောင့် ဆိုင်းငံခဲ့ရသည်။ 

၂၀၁၉ မေ ၂၁ ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုဇင်လင်းထွန်း၊ ကိုရှိန်းဝေအောင်တို့နှင့် ဒဂုံတက္ကသိုလ်ဂိတ်ရင်းမှ ဒဂုံမြို့သစ်ဆိပ်ကမ်းအထိပြေးဆွဲရန် ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်း လမ်းကြောင်းကိုပြေးဆွဲရန် YRTA အစည်းအဝေးတွင်တင်ပြခဲ့ပြီး ပြေးဆွဲမည့်ယာဉ်များသည် YRTA မှ သတ်မှတ်ထားသော ကုမ္ပဏီပိုင်ယာဉ် ဖြစ်ရမည့်အချက်နှင့် မကိုက်ညီဘဲ ပုဂ္ဂလိကပိုင်ယာဉ်များဖြစ်နေသောကြောင့် ခဏဆိုင်းငံ့ထားပြီး ကုမ္ပဏီပိုင် ယာဉ်များဖြစ်အောင် ဆောင်ရွက်ရမည်ကို အသိပေးခဲ့ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ရှင်းပြသည်။

"ပြေးဆွဲမယ့်ကုမ္ပဏီက အခုကားတွေကို ကုမ္ပဏီပိုင်ယာဉ်များဖြစ်အောင် လုပ်နေပါတယ်။အခုအခွန်တွေလည်း ဆောင်နေပြီ၊ ကညနမှ မှတ်ပုံတင်စာအုပ်မှာလည်း အမည်စာရင်းတွေ ပြောင်းနေပါတယ်။ဆောင်ရွက်ဆဲကာလ ဖြစ်တဲ့အတွက် ဒီယာဉ်လမ်းကြောင်းကို မပြေးနိုင်သေးတာဖြစ်ပါတယ" ဟု ၎င်းကပြောသည်။

ကျောင်းသား၊ ကျောင်းသူများ သွားရေးလာရေးအဆင်ပြေစေရန် ၂၀၁၇ မှစ၍ YBS ယာဉ်လိုင်းတစ်လိုင်းရရှိရေးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ YRTA အာဏာပိုင်အဆင့်ဆင့်ဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတို့က "မကြာခင် အကောင်အထည်ဖော်မည်၊ အဆင်ပြေအောင်ဆောင်ရွက်ပေးမည်" ဟု ပြောဆိုခဲ့ကြကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ထို့အပြင်၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို နောက်ဆုံးအကြိမ် အိတ်ဖွင့်စာပေး၍ သတိပေးခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း ၊ တာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း  ယင်းသမဂ္ဂထံမှ သိရသည်။

"လမ်းလျှောက်ပြီး ကျောင်းတက်မယ့်လှုပ်ရှားမှုကို ဆက်တိုက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်။သုံးရက်လောက်လုပ်လို့ဘာမှမထူးဘူးဆို ပိုပြီးတော့ပြင်းထန်တဲ့လှုပ်ရှားမှုမျိုးလုပ်သွားမယ်။ဘာလုပ်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။သူတို့ပြောခဲ့တာ ၂ နှစ်ကျော်သွားပြီ၊  သူတို့လည်းလုပ်နေလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့ မမြင်ရဘူး" ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ  ဒုတိယဥက္ကဋ္ဌ ကိုသန်းဇော်ဦးက ပြောသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့မှ  ဒဂုံတက္ကသိုလ်သို့  ကျောင်းတက်သော ကျောင်းသား၊ ကျောင်းသူ တစ်သောင်းခန့်ရှိကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ထံမှ သိရသည်။ 

မောင်ကျော်ဖြိုး