News

POST TYPE

NEWS

စာမေးပွဲကာလ ပွဲကခွင့်မပြုရန်၊ အသံချဲ့စက်အသုံးပြုခွင့်မပြုရန် မြို့နယ်များသို့ ထွေအုပ်ညွှန်ကြား
22-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၁

အခြေခံပညာကျောင်းသားများ၏ စာမေးပွဲကာလအတွင်း မြို့နယ်များတွင် ပွဲကခွင့်မပြုရန်နှင့် အသံချဲ့စက်များ အသုံးမပြုစေရန် ရန်ကုန်မြို့ရှိ မြို့နယ်များသို့ ညွှန်ကြားထားကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 

၂၀၁၉-၂၀ ပညာသင်နှစ်အတွက် ဖြေဆိုရမည့် အခြေခံပညာအတန်း စာမေးပွဲအချိန်စာရင်းများနှင့် တက္ကသိုလ် ဝင်စာမေးပွဲ အချိန်စာရင်းများ ထွက်ရှိထားပြီး စာမေးပွဲများမကျင်းပမီ ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ပြီး ကျောင်းတွင်းစစ် စာမေးပွဲများ ပြီးဆုံးသည်အထိ မြို့နယ်များတွင် ပွဲမိန့်များတင်ပြ/ကပြမှုမရှိစေရေး၊ ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်မှုမရှိစေ ရေးနှင့် အသံချဲ့စက် ဖွင့်လှစ်မှုများမရှိစေရေး စီမံဆောင်ရွက်ရမည်ဟု ညွန်ကြားထားခြင်းဖြစ်သည်။ 

စာမေးပွဲများ မပြီးစီးသေးသည့် အချိန်အထိ မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် ၎င်းညွှန်ကြားချက်ကို အထူးအလေးထား လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ ထောက်ခံချက်များထုတ်ပေးခြင်း၊ ခွင့်ပြုခြင်းများမပြုလုပ်ရန်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားထားသည်။

၂၀၁၉-၂၀ ပညာသင်နှစ်၏ စာမေးပွဲများကို ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများဖြင့် စတင်ကျင်းပပြီး၊ မတ် ၁၁ ရက်မှ ၂၀ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ၊ ကျန် အတန်းများကို မတ် ၂၅ ရက်နေ့အထိ အပြီးစစ်ဆေးမည်ဟု အခြေခံပညာဦးစီး ဌာနက ထုတ်ပြန်ထားသည်။

စတုတ္ထတန်းနှင့်အဋ္ဌမတန်းတို့သည် စာမေးပွဲဖြေဆိုပြီးပါက ကျောင်းဆက် လက်တက်ရောက်စရာ မလိုတော့ဘဲ နွေရာသီအားလပ်ရက် ရရှိပြီဖြစ်သည်။

အောင်သက်ကို