News

POST TYPE

NEWS

ကြက်သားတွင်သာမက အခြားသောအစားအသောက်များတွင်ပါ ဆယ်မိုနဲလားပိုးရှိဟု မွေးမြူရေးအဖွဲ့ချုပ်ဆို
22-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၁

လူကိုဘေးဥပဒ်ဖြစ်စေတတ်သော ဆယ်မိုနဲလားပိုးမွှားများမှာ ကြက်သားတွင်သာမက အခြားသော စားသောက်ကုန်များတွင်လည်း ရှိနေကြောင်း မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားလိုက်သည်။

သို့သော်လည်း ယင်းဆယ်မိုနဲလား ပိုးမွှားများသည် လူကိုဥပဒ်ဖြစ်စေသော်လည်း အချို့မှာ လူကိုဥပဒ်ပေးခြင်းမရှိသောကြောင့် ကြက်သားတွင်ဆယ်မိုနဲလား ပိုးမွှားပါဝင်သည်ဆိုသည့်တိုင် မည်သည့် ဆယ်မိုနဲလားပိုးမွှားဟု မဖော်ထုတ်နိုင်ပါက လူကိုဥပဒ်ဖြစ်စေမည်ဟု တစ်ထစ်ချပြောဆို၍မရကြောင်း ၎င်းကဆိုသည်။ 

“ကြက်သားတင်မဟုတ်ဘူး တခြားအစားအသောက်တွေမှာလည်း ဆယ်မိုနဲလားပိုးကရှိနေမှာပဲ။ လက်ခံနိုင်တဲ့အတိုင်းအတာလားဆိုတာလည်း သိဖို့လိုတယ်။ ဒါကအထိတ်တလန့်လို ဖြစ်နေတယ်။ ကျွန်တော်တို့က ချက်ပြုတ် စားတာဆိုတော့ အစိမ်းစားတာတို့မရှိတော့ ဘာမှပြဿနာတော့မရှိပါဘူး” ဟု ဒေါက်တာကျော်ထင်က ပြောသည်။ 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်၊ ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများ အသင်းတို့၏ ကြက်သားထုတ်လုပ်မှုနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၂၁ ရက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်တွင် ပြုလုပ်ခဲ့စဉ် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့ရှိ မြို့နယ် ၃ မြို့နယ်တွင် စစ်တမ်းကောက်ယူခဲ့သည့် ကြက်သားအစိမ်းများထဲတွင် ဆယ်မိုနဲလားပိုးများတွေ့ရပြီး ထိုပိုးများမှာ ပဋိဇီဝပိုးသတ်ဆေး များယဉ်ပါးနေခေါင်းစဉ်ပါသတင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်းလည်းဖြစ်သည်။ 

ကြက်သားထုတ်လုပ်ရာတွင် သန့်ရှင်းစွာ မဆောင်ရွက်ခြင်း၊ သန့်ရှင်းသည့် ရေကို အသုံးမပြုခြင်း၊ အသားအတွင်းသို့ မသန့်ရှင်းသည့်ရေများထိုးသွင်းခြင်း၊ ကြက်သားများကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ သယ်ဆောင်ရာတွင် လည်းကောင်း၊ သိုလှောင်သိမ်းဆည်းရာတွင်လည်းကောင်း၊ တည်ခင်းရောင်းချရာ တွင်လည်းကောင်း သန့်ရှင်းမှုမရှိခြင်း စသည့်အကြောင်းအရင်းများစွာရှိပြီး သန့်ရှင်းပြီး အစားအသောက်ဘေးကင်း လုံခြုံမှုရှိသည့် ကြက်သားထုတ်လုပ်ရေး စနစ်များ၊ လုပ်ငန်းများပေါ်ပေါက်လာရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ယင်းရှင်းလင်းပွဲထံမှ သိရသည်။

ဆယ်မိုနဲလားအပါအဝင် အစား အသောက်များတွင် ပါဝင်လေ့ရှိသည့် ပိုးမွှားများသည် အပူချိန် ၆၀ ဒီဂရီ အထက်တွင် သေဆုံးကြသဖြင့် ယင်းအပူချိန်အထက်တွင် ကျက်အောင်ချက်ပြုတ်ထားသည့် ကြက်ဥ၊ ကြက်သားများသည် ပိုးမွှားများကင်းစင်နေမည်ဖြစ်ပြီး ကြက်သားအပါအဝင်၊ အစားအသောက်များအားလုံးကို ကောင်းစွာကျက်အောင်ချက်ပြုတ်ထားပါက စိတ်ချစွာစားသုံးနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

ပဋိဇီဝဆေးယဉ်ပါးမှုသည် မွေးမြူရေးလုပ်ငန်းများ၏ ပဋိဇီဝဆေးဝါးသုံးစွဲမှုကြောင့် သက်သက်ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ပဋိဇီဝဆေးယဉ်ပါးမှုဟူသည်မှာ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ဖြင့်ဆောင်ရွက်၍မရဘဲ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ တိရစ္ဆာန်ကျန်းမာရေးကဏ္ဍ၊ ပတ်ဝန်းကျင်ရေးရာကဏ္ဍများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ယင်းရှင်းလင်းပွဲ ထံမှ သိရသည်။

ထို့ပြင် မွေးမြူရေးနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့် ပတ်သက်၍ စိစစ်ရန်လိုအပ်ပါက မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

J-11