News

POST TYPE

NEWS

အဆောင်နေခွင့် ရရှိရေးနှင့် ပတ်သက်၍ မျိုးနုယဉ် (ဗကသ) ထုတ်ပြန်ချက် မမှန်ဟုဆိုကာ ယဉ်ကျေးမှုကျောင်းသားများ ရှင်းလင်းပွဲပြုလုပ်
22-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၁

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ကျောင်းသားများသမဂ္ဂ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြခဲသော ပထမနှစ် (ပန်းပု) ကျောင်းသား ကိုအောင်ပိုင်ဦး အဆာင်နေခွင့်ရရှိရေးနှင့် ပတ်သက်၍ အကြောင်းအရာများမှာ မှန်ကန်မှုမရှိသည်အပြင် တက္ကသိုလ်၏ပုံရိပ်ကိုထိခိုက်စေသည်ဟုဆိုကာ လက်ရှိတက်ရောက်နေသောကျောင်းသူ၊ ကျောင်းသားများက ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် စွယ်တော်ဆောင်ရှေ့တွင် ဇန်နဝါရီ ၁၃ ရက်က ကိုအောင်ပိုင်ဦး ပထမနှစ် (ပန်းပု)၊ ဗကသများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌကိုသန့်ညီညီဝင်း၊ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးတို့ ပါဝင်သော ၁၅ ဦးတို့က အဆောင်နေခွင့်ရရှိရေးအပါအဝင် တောင်းဆိုချက် ၆ ချက်ကို ကြွေးကြော်၍ ဆန္ဒပြခဲ့ကြရာယင်း ဆန္ဒပြမှုသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ၂၇ နှစ် အတွင်းပထမဆုံးအကြိမ်ဖြစ်သည်။

ယင်းဆန္ဒပြမှုကို မလိုလားသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၇၀ ခန့်က အေးချမ်းစွာ ပညာသင်ကြားရေးကို နှောက်ယှက်ဖျက်စီးသူများ အလိုမရှိ စာသားပါ ဆိုင်းဘုတ်များကို တန်ပြန်ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် “NUAC သည် အနုပညာသင်ကြားသူများအတွက်သာ ဘုံဗိမာန်ဖြစ်သည့်” စာသားပါ စာရွက်များကို ကိုင်ဆောင်၍ အိုးစည်၊ ဒိုးပတ်၊ ဝါးလက်ခုပ်၊ လင်ကွင်းများတီးကာ တေးသီချင်းများဆို၍ တန်ပြဆန္ဒပြခဲ့ကြ ကြောင်း ယင်းတက္ကသိုလ်မဟာဝိဇ္ဇာတန်းဒုတိယနှစ် (ဂီတ) မှ ကိုထက်အာကာက ရှင်းပြသည်

ယင်းသို့ တန်ပြန် ဆန္ဒပြမှု ကို ကိုအောင်ပိုင်ဦးက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် တန်ပြန်ဆန္ဒပြသည့် ကျောင်းသားများကို ပါချုပ်ကျောင်းအုပ်ချုပ်အဖွဲ့၏ လက်ကိုင်တုတ်သမဂ္ဂဟုရေးသားခဲ့ပြီး ပါချုပ်အကျိုးစီးပွားကိုကာကွယ်နေခြင်း၊ ၎င်းတောင်းဆိုမှုသည် မည်သည့် ကျောင်းသားကိုမှ ထိခိုက်ခြင်းမရှိပဲ ဆရာ၊ ဆရာမများ၏ အခက်အခဲများကိုပါတင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း ပြန်လည်ရေးသားထားသည်။

ထိုပြင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ကျောင်းသားများသမဂ္ဂ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကျောင်းသားချင်းရန်မတိုက်ရေး၊ ဆရာ၊ဆရာမတွေကို သင့်တင့်သောနေထိုင်မှုဝန်းကျင် ဝန်းထမ်းအိမ်ရာတည် ဆောက်ပေးရေး၊ အဆောင်များတွင် ကျောင်းသားနှင့် ဆရာများကိုရောနှောထားခြင်းသည် မသင့်တော်ကြောင်း ရေးသားထားသည်။

“ကျွန်တော်တို့ကရန်ဖြစ်နေတာမဟုတ်ပါဘူး။ သူတို့ကကျွန်တော်တို့ကျောင်းကိုလာပြီး ဆန္ဒဖော်ထုတ်တယ် အဲ့ဒီဟာက ကျွန်တော်တို့အတွက် အနည်းငယ်အနှောင့်ယှက်ဖြစ်တဲ့အတွက် တန်ပြန်ဆန္ဒပြပြီးတဲ့သဘောပါ။ ဝန်ထမ်းအိမ်ရာတွေကရှိပြီးသား အခုလည်းဆောက်နေပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်းမေးလို့ရတယ် ချိုးနှိမ်ဆက်ဆံခံရလားဆိုတာ။ ဆရာ၊ ဆရာမတွေနဲ့ တွေ့ဖို့လည်းမခက်ခဲဘူး ညှိနှိုင်းခွင့်အမြဲပေးနေတဲ့ကျောင်း” ယင်းတက္ကသိုလ်မှ စတုတ္ထနှစ်(ဂီတ) ကျောင်းသား ကိုတင်ထွန်းဦးက မီဒီယာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်က ပထမနှစ် (ပန်းပု) ကျောင်းသားကိုအောင်ပိုင်ဦးသည် လက်ထောက်မော်ကွန်းထိန်းကို ကျောင်းသားတစ်ယောက်ရပိုင်ခွင့်ဖြင့် အဆောင်ရရှိရန်လိုအပ်ကြောင်း၊ ဒဂုံကျောင်းသားဆောင်၏ အခန်းဖွဲ့စည်းပုံနှင့် နေထိုင်သည့်ကျောင်းသားစာရင်း၊ အဆောင်စည်းကမ်းများကို ပြင်ဆင်ရန်လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၂ ရက်တွင် ပါမောက္ခချုပ်ရုံးခန်း၌ ဒုပါမောက္ခချုပ် (စီမံ)၊ ဌာနမှူး၊ သင်တန်းရေးရာတို့နှင့် တွေ့ဆုံခဲ့ပြီး အဆောင်နေထိုင်ခွင့်နှင့် ပတ်သက်၍ အဆောင်တွင်ယခင်နှစ်က ကျောင်းသား ၁၆ ယောက် လျော့သွားပြီး ယခုနှစ်တွင် ၄၆ ဦးလက်ခံပေးခဲ့၍ အဆောင်မရရှိသူများလည်းရှိပြီး ၎င်းတို့သည် တက္ကသိုလ်အနီးရှိ အဆောင်များတွင်နေထိုင်၍ တက်ရောက်နေကြောင်း ပါမောက္ခချုပ်က ရှင်းပြခဲ့ကြောင်း ပန်းချီဌာနမှ ကျောင်းသားကိုပြည့်စုံက ရှင်းပြသည်။

“ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီခန့်က ကိုအောင်ပိုင်ဦးနှင့်အတူ ပထမနှစ်(ဂီတ) မအိမွန်ခန့်တို့က ဗကသအလံကိုကိုင်ပြီး ကျောင်းသားထုကိုဖိနှိပ်သော စည်းကမ်းချက်များအလိုမရှိ၊ အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေး စာတန်းကိုင်ပြီးတော့ တက္ကသိုလ်ဝင်းအတွင်းနှင့် ပါချုပ်ရုံးခန်းရှေ့တို့တွင် ဆန္ဒပြခဲ့ကြတယ်” ဟု ၎င်းက ထပ်မံရှင်းပြသည်။

ထို့အပြင် ဇန်နဝါရီ ၉ ရက်၌ ပါမောက္ခချုပ်ရုံးခန်းရှေ့တွင် အခြားတက္ကသိုလ်များမှ ကျောင်းသား ၉ ဦးနှင့်အတူ ဗကသအလံကိုကိုင်ဆောင်၍ အဆောင်နေထိုင်ခွင့်ရရှိရေးအတွက် ဆန္ဒဆက်လက်ပြခဲ့ကြသည်။

“ဆန္ဒလာပြတဲ့ကလေးတွေသုံးတဲ့ မျိုးယဉ်နုရန်ကုန်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)Page ရှိတယ်။ အဲ့ဒီကနေတင်တဲ့ တချို့သောသတင်းတွေက ကျောင်းဂုဏ်သိက္ခာပိုင်းဆိုင်ရာအရထိခိုက်တယ်လို့ကျွန်တော်တို့ ယူဆတယ်။ ကျောင်းအာဏာပိုင်ကယူဆတာမျိုးမဟုတ်ဘူး ကျောင်းသားတွေအနေနဲ့တချို့အချက်အလက် တွေကိုလက်မခံနိုင်ဘူး” ဟု ယင်းတက္ကသိုလ်မဟာဝိဇ္ဇာတန်းဒုတိယနှစ် (ဂီတ) မှ ကိုရဲမင်းဟန်ကပြောသည်။

ကျောင်အုပ်ချူပ်ရေးအဖွဲ ညှိနှိုင်းဆွေးနွေးမှုအပြီးတွင် နှစ်ဘက်သဘောတူုညီချက်ကို ကျောင်းဘက်က အရှုံးပေးလိုက်ရသည့်ပုံစံရေးသားမှုများကြောင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကျောင်းသားများက သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း ကိုရဲမင်းဟန်က ပြောသည်။

"ကျောင်းအုပ်ချုပ်ရေးနဲ့ငြိမ်းနေတဲ့အချိန်မှာ သူတို့က ဒီလို (သတင်းစာရှင်းလင်းပွဲ) လုပ်တယ်ဆိုတော့ အဲ့ပွဲကို လာတက်မှာ မဟုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသားပြောလိုက်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး သူတို့ ဘာပြောပြော ကျွန်တော်တို့အနေနဲ့ ဘာမှတုံပြန်သွားမှာ မဟုတ်ဘူး"ဟု ၎င်းကပြောသည်

ဗကသ အဖွဲ့ဝင် ကျောင်းသားများက ၄ ကြိမ်မြောက် ဆန္ဒပြပြီးချိန်တွင် ယေဘုယျအားဖြင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သဘောတူညီမှုများကို အကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်စောင့်ကြည့်နေခြင်းဖြစ်ပြီး ဗကသများအနေဖြင့် ကျောင်းနှင့် လူတစ်စုကို တိုက်ခြင်းမဟုတ်ပဲ မတရားဖိနှိပ်ထားသောစည်းကမ်းချက်များ၊ ဗကသကျောင်းသားတွေ အပေါ်ဖိနှိပ်နေမှုများအတွက် စနစ်ကိုသာတိုက်ခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် (မျိုးနုယဉ် ရန်ကုန်) မှ အဖွဲ့ဝင်ကိုအောင်ပိုင်ဦးက ပြောသည်။

မောင်ကျော်ဖြိုး