News

POST TYPE

NEWS

ဒေါက်တာလဲ့လဲ့မော် အမှုလေးခုစလုံးအတွက် စွဲချက်တင်ခံရ
21-Jan-2020


ထားဝယ်၊ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုလေးခုစလုံးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့က စွဲချက်တင်လိုက်သည်။

ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်၍ စစ်ဆေးစီရင်ရန် စွဲချက်တင်လိုက်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးခင်မောင်မောင်က အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်ကို တရားရုံးက လွှတ်ပေးနိုင်ကြောင်း ဒေသခံအချို့၏ မှန်းဆချက်များရှိသော်လည်း အမှု၏ ၄၄ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထိုသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

ဒေါက်တာလဲ့လဲ့မော်ကို တိုင်းတရားလွှတ်တော်တွင် စတင်တရားစွဲပြီး ဆယ်လခန့်အကြာတွင် အမှုလေးမှုစလုံးကို စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

စွဲချက်တင်ခံရသူ ဒေါက်တာလဲ့လဲ့မော်ကို မည်သည့်အတွက်ကြောင့် အပြစ်မပေးသင့်ကြောင်း ထုချေရန် တရားသူကြီးက မေးရာ အပြစ်မရှိကြောင်း ဒေါက်တာလဲ့လဲ့မော်က တရားခွင်အတွင်းပြောသည်။

GGS ကုမ္ပဏီတာဝန်ရှိသူများဖြစ်သည့် ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့ကိုလည်း အထက်ပါရုံးချိန်းတွင်ပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅/၆၃ ဖြင့် စွဲချက်တင်ကြောင်း တိုင်းတရားလွှတ်တော်က အမိန့်ချခဲ့သည်။

အမှုများကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ကျေနပ်မှုမရှိပါက အထက်တရားရုံးထံ (အယူခံဝင်နိုင်) တက်ရောက်နိုင်ကြောင်း တရားသူကြီး ဦးခင်မောင်မောင်က တရားခွင်အတွင်း ပြောသည်။

“စွဲချက်အမိန့်နဲ့ ပတ်သက်ပြီးတော့ မကျေနပ်တဲ့သူက အမိန့်ချမှတ်တဲ့နေ့က ရက်ပေါင်းခြောက်ဆယ်အတွင်းမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုလျှောက်ထားနိုင်ပါတယ်”ဟု တိုင်းတရားရေးဦးစီးမှူးဒေါ်အေးအေးသန်းက ပြောသည်။

အမှုများကို တိုင်းဒေသကြီး တရားလွှတ်တော်က စွဲချက်တင်ပြီးချိန်တွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုပြသက်သေအချို့ကို ပြန်လည်စစ်ဆေးလိုကြောင်း စွဲချက်ခံရသူများ၏ ရှေ့နေများကတင်ပြခဲ့ကြသည်။

ပြန်ခေါ်သက်သေများအဖြစ် တရားလို၊ အမှုစစ်အရာရှိနှင့် တရားလိုပြသက်သေဖြစ်သူ ဦးသန်းဇော်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လျှပ်စစ်ဝန်ကြီးဟောင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း အပါအဝင် လိုပြသက်သေများကို ပြန်လည်စစ်ဆေးမည်ဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး ပြန်ခေါ်သက်သေအဖြစ် ဦးသန်းဇော်ဝင်းနှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးဖြိုးဝင်းထွန်းကို စစ်ဆေးမည်ဖြစ်သည်။


အမှုတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးပြီးပါက တရားခံ သို့မဟုတ် တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ တရားလိုပြသက်သေအဖြစ် ၁/၂၀၁၉ အမှုတွင် ၂၁ ဦး ၊ ၂/၂၀၁၉ အမှုတွင် ၂၄ ဦး၊ ၃/၂၀၁၉ အမှုတွင် ၂၁ ဦးနှင့် ၄/၂၀၁၉ အမှုတွင် ၂၂ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ယင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုထားသည့် ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၁၉ အမှုမှာ တိုင်းလမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးခဲ့ပြီး အထက်ပါဌာန ညွှန်ကြားရေးမှူးအား ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်ကို အုတ်ခြံစည်းရိုးကာရံပေးရန် စေခိုင်းခဲ့သည့် အမှုဖြစ်သည်။

ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၁၉ မှာ ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်းချုံနွယ်ရှင်းလင်းခဲ့သည့် အမှုဖြစ်ပြီး မှုအမှတ် ၃/၂၀၁၉ မှာ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေ အကြွေးကျန်ကိစ္စဖြစ်သည်။

ရာဇဝတ်ကြီးမှုအမှတ် ၄ /၂၀၁၉ အမှုမှာ ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့ရှိ အိမ်နှင့်မြေကို ကာလတန်ဖိုး ကျပ် ၃၂၀ သိန်းကျော်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ပြီးနောက် GGS ကုမ္ပဏီ အား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည့် အမှုဖြစ်သည်။

အထက်ပါအမှုလေးခုစလုံးအတွက် နှစ်ဖက်တင်သွင်းထားသည့် သက်သေခံစာရွက်စာတမ်း အရေအတွက်မှာ ၄၃၃ စောင်ရှိကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

Dawei Watch