News

POST TYPE

NEWS

မြစ်ရေတိုက်စားမှုကြောင့် အိမ်ရာမဲ့ဖြစ်နေသော အိမ်ခြေ ၅၀ ကျော်ကို နေရာချထားပေးရန် အစီအစဉ်မရှိသေးဟုဆို
21-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၀

ထန်းတပင်မြို့နယ်၊ သဘော့ချောင်း ကျေးရွာအုပ်စု၊ ရေသောင်တောကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်ရာမဲ့ဖြစ်နေသော အိမ်ခြေ ၅၀ ကျော်ခန့်ကို နေရာချထားပေးရန် အစီအစဉ်မရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက တိုင်းလွှတ်တော်တွင် ပြောကြားသည်။

ထန်းတပင်မြို့နယ်၊ သဘော့ချောင်း ကျေးရွာအုပ်စု၊ ရေသောင်တောကျေးရွာသည် ဘောလည်ကျွန်း၊ လှိုင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မြစ်ရေတိုက်စားမှုကြောင့် ယင်းရွာရှိ အိမ်ခြေထက်ဝက်ခန့်မှာ နေစရာနေရာမရှိ ဖြစ်နေကြောင်း၊ ယင်းနေရာ စရာမရှိသူအိမ်ထောင်စုများအား ယင်းရွာအနီးရှိ မြေလွတ်မြေရိုင်းနေရာတွင် ချထားပေးရန် အစီအစဉ်ရှိ မရှိ၊ ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က မေးမြန်းသည့်အပေါ် ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက ရေသောင်တောကျေးရွာနှင့် ဆက်စပ်လျက်ရှိသောမြေမှာ မြေလွတ်မြေရိုင်း မဟုတ်ကြောင်း၊ ရန်ကုန်တိုင်းအေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် လုပ်ငန်းရှင်တစ်ဦးအား ငါးကန်မြေအဖြစ် အသုံးပြုရန် ခွင့်ပြုထားပြီးဖြစ်ကာ ယင်းမြေနေရာပေါ်တွင် ရေတိုက်စားမှုကြောင့် နေရာမဲ့ဖြစ်နေသော အိမ်ခြေ ၅၀ ကျော်ကို ဥပဒေနဲ့အညီ လွှဲပြောင်းပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

“အဲဒီနေရာဟာ ငါးကန်မြေဆိုပေမယ့် အရင်လူကနေ နောက်တစ်ဦးကို လွှဲပြောင်းထားတယ်။ အခုထိလည်း လုပ်ငန်းအကောင်အထည်ဖော်မှု မရှိပါဘူး၊ ကိုင်းတောကြီးအဖြစ် ရှိနေပါတယ်။ ဥပဒေနဲ့အညီ ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က ပြန်လည်တင်ပြခဲ့ရာ ဝန်ကြီးဦးဟံထွန်းက ယင်းမြေ၏ ခွင့်ပြုမိန့်နှင့်အညီ သတ်မှတ်ထားသော စည်းကမ်းချက်များကို ပြန်လည်စိစစ်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်း အဝေးကို ဇန်နဝါရီလ ၂၀ ရက်က ကျင်းပခဲ့ သည်။

ဇော်မိုးလွင်