News

POST TYPE

NEWS

တရုတ်ပြည်တွင် နမိုးနီးယားရောဂါသစ်တစ်မျိုး ကူးစက်ဖြစ်ပေါ်သူ ၁၃၉ ဦးထိရှိ ၊ မြို့တော်ဘေဂျင်းနှင့် ဂွမ်ဒေါင်းပြည်နယ်တို့ထိ ရောဂါပျံ့နှံ့ရောက်ရှိ
21-Jan-2020


ဘေဂျင်း၊ ဇန်နဝါရီ ၂၀ 

တရုတ်နိုင်ငံတွင် ဝူဟန်မြို့၌ စတင်ဖြစ်ပေါ်တွေ့ရှိခဲ့သည့် နမိုးနီးယားရောဂါသည် ယခုအခါ ဘေဂျင်းနှင့် ဂွမ်ဒေါင်းပြည်နယ်အထိ ကူးစက်ပျံ့နှံ့ခဲ့ပြီး အဆိုပါနမိုးနီးယားရောဂါကြောင့် သေဆုံးသူသုံးဦးရှိကာ ကူးစက်ဖြစ်ပေါ်ခံရသူ ၁၃၉ ဦးထိ ရှိသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အဆိုပါနမိုးနီးယားရောဂါဖြစ်ပေါ်စေသော ဗိုင်းရပ်စ်တစ်မျိုးကြောင့် တတိယမြောက်လူနာတစ်ဦး သေဆုံးသွားကြောင်း၊ ယင်းရောဂါသည် မြို့တော်ဘေဂျင်းနှင့် ဂွမ်ဒေါင်းပြည်နယ်တို့အထိ ပျံ့နှံ့ရောက်ရှိလာကြောင်း တရုတ် ကျန်းမာရေးအာဏာပိုင်များက အတည်ပြုပြောကြားသည်။ 

ဘေဂျင်းမြို့ဒါဇင်းမြို့နယ်မှ ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ ဝူဟန်မြို့သို့ ခရီးသွားရောက်ခဲ့သူ လူနှစ်ဦးမှာ နမိုနီးယားနှင့်ဆက်စပ်သော ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း၊ သို့သော်၎င်းတို့မှာ စိတ်ချရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။ 

ဂွမ်ဒေါင်းပြည်နယ် ရှန်းကျန်းမြို့မှ အသက် ၆၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ဝူဟန်မြို့ရှိဆွေမျိုးများရှိရာသို့သွား ရောက်လည်ပတ်ခဲ့ပြီးနောက် ဖျားနာခဲ့ရာ ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး အာဏာပိုင်များက ၎င်းကိုသီးသန့်ခွဲထားကာ ကုသပေးခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်သည်။ 

“ယခုကူးစက်ဖြစ်ပေါ်နေသည့် ရောဂါသည် ကာကွယ်နိုင်၊ ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ရောဂါဗေဒပညာရှင်များက ယုံကြည်ထားသည်” ဟု  ဂွမ်ဒေါင်းကျန်းမာရေးကောင်မရှင်က ထုတ်ပြန်သည့် ကြေညာချက်ကဆိုသည်။ 

ထို့အတူ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းပြည်နယ်မှ လူနာငါးဦးမှာ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ နာမကျန်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ၎င်းတို့ကိုအာဏာပိုင်များက သီးသန့်ခွဲထားကာ ကုသပေးလျက်ရှိသည်။မည်သည့်ရောဂါဖြစ်ပေါ်ခံစားနေရသည်ဆိုသောအချက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ဇီကျန်းပြည်နယ် ကျန်းမာရေးအာဏာပိုင်များအဆိုအရ ယင်းလူနာငါးဦးမှာ စိုးရိမ်စရာအခြေအနေတွင် မရှိကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ကျန်းမာရေးဆေးစစ်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ 

ဝူဟန်မြို့တွင်မူ အဆိုပါနမိုးနီးယား ရောဂါကူးစက်ဖြစ်ပေါ်သူ ၁၃၆ ဦးကျော်ထိ ရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။သို့သော်သေဆုံးသူ မည်ရွေ့မည်မျှရှိသည်၊ မည်သူတွေကူးစက်ခံရသည် ဆိုသောအသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်းမရှိပေ။ 

အခြားသောသတင်းများအရ ယင်းမြို့တွင် နမိုးနီးယားရောဂါကူးစက်ခံရသူများမှာ အမျိုးသား ၆၆ ဦးနှင့် အမျိုးသမီး ၇၀ ဦးတို့ဖြစ်ပြီး ၎င်းတို့သည် အသက် ၂၅ မှ ၈၉ နှစ်အရွယ်ကြားတွင် ရှိသည်ဟုဆိုသည်။ 

အဆိုပါနမိုးနီးယားရောဂါ၏ ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်နာခြင်း စသည်တို့ဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

လက်ရှိအနေအထားတွင် တရုတ်နိုင်ငံတစ်ဝန်း ယင်းနမိုးနီးယားရောဂါအမျိုးအစားသစ် ကူးစက်ဖြစ်ပေါ်သူ ၂၀ဝ ကျော်ခန့်ရှိသည်ဟု ဆိုသည်။ဝူဟန်မြို့တွင်မူ လူပေါင်း ၁၇၀ ခန့်မှာ ဆေးရုံများတွင် ကုသမှုခံယူနေရပြီး ယင်းအနက်ကိုးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်။

F-01