News

POST TYPE

NEWS

ဧရာဝတီတိုင်း၏ ပထမဆုံးနာရေးအ​အေးတိုက် ပုသိမ်မြို့၌တည်ဆောက်
21-Jan-2020


ပုသိမ်၊ ဇန်နဝါရီ ၂၀ 

ဧရာဝတီတိုင်းဒေသကြီး၏ ပထမဆုံးနာရေးအအေးတိုက်ကို ပုသိမ်မြို့တွင် စတင်၍တည်ဆောက်လျက်ရှိကြောင်း ဦးဆောင်တည်ဆောက်နေသည့် ပုသိမ်မြို့ အခြေစိုက်ဘက်စုံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ပုသိမ်မြို့တွင် ဥမ္မာဒန္တီ၊ မြကျွန်းသာ၊ စက်မှုမြို့တော်နှင့် အခြားသောအထပ်မြင့် အိမ်ရာစီမံကိန်းများ တိုးချဲ့လာခြင်း၊ မြို့ပြ အိမ်ရာစနစ် အထပ်​​​မြင့်တိုးချဲ့လာသဖြင့် နာရေးဖြစ်လာပါက အထပ်မြင့်အိမ်ရာတွင် အဆင်မပြေခြင်းကြောင့် နာရေးအအေးခန်းကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ဘက်စုံပရဟိတဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။

"အထပ်မြင့်အိမ်ရာမှာက နာ​ရေးဖြစ်ရင် သေသူကိုထားလို့မရတဲ့အခါကျတော့ သေဆုံးတာနဲ့တစ်ပြိုင်နက် သွားပြီးသယ်ရပါတယ်၊ သယ်ပြီးတာနဲ့ သရောင်းချောင်းသုသာန်မှာ ဒီအတိုင်းထားရတဲ့အခါကျတော့ နာရေးရှင်တွေက ပူပန်သောကတွေ ဖြစ်လာတယ်။ အဲ့လိုဖြစ်လာတဲ့မြင်ကွင်းကိုတွေ့ပြီးတော့ အခုလိုရေခဲတိုက် ဆောက်လုပ်ရခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်မိန့်ကြားသည်။

တည်ဆောက်မှုကုန်ကျစရိတ်မှာ စုစုပေါင်းကျပ်သိန်း ၃၀ဝ ကျော်ကုန်ကျမည်ဖြစ်ပြီး ပုသိမ်မြို့ရှိ ရွှေဥဒေါင်းရွှေဆိုင်မှ ကျပ်သိန်း ၁၀ဝ၊ မြကျွန်းသာအိမ်ရာစီမံကိန်း DIG ဆောက်လုပ်ရေးကုမ္ပဏီမှ အလှူငွေကျပ် ၈၅ သိန်းနှင့် ပုသိမ်မြို့နယ်အတွင်းမှ အလှူရှင်များ၏ တစ်နိုင်တစ်ပိုင် ထည့်ဝင်လှူဒါန်းမှုတို့ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။

အထပ်မြင့်အိမ်ရာများတွင် နေထိုင်သူများအဖို့ သေဆုံးသူကို မသင်္ဂြိုဟ်မီယာယီထားရှိရန်အတွက် အခန်းကျင်းမြောင်းခြင်း၊ လှေကားအတက်အဆင်း အခက်အခဲရှိနေခြင်းကြောင့် ဆေးရုံတွင်သေဆုံးပါက ဆေးရုံရင်ခွဲရုံတွင် ယာယီထားနေရပြီး  အိမ်တွင်သေဆုံးပါက သုသာန်တွင်သွားထားရကြောင်း ဥမ္မာဒန္ဒီအထပ်မြင့်အိမ်ရာ၏ စည်ပင်သာယာရေးကော်မတီဝင် ဦးစိုးမြင့်စိုးက​ ပြောသည်။

နာရေးအအေးခန်း တည်ဆောက်ရန် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက စည်ပင်သာယာရေး ခွင့်ပြုမိန့်ရရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မေလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအအေးခန်းတွင် သေဆုံးသူ ၆ ဦး အထိ ယာယီထားရှိနိုင်မည်ဖြစ်ကြောင်း ဦးဆောင်တည်ဆောက်သည့် ဘက်စုံပရဟိတအသင်းထံမှ သိရသည်။                     

R-12