News

POST TYPE

NEWS

မန္တလေး-ပုဂံ ရထားလမ်း အဆင့်မြှင့်တင်ရေး လေ့လာမှုစစ်တမ်း ယခုနှစ်အတွင်းလုပ်ဆောင်မည်
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၉

တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် မန္တလေး-ပုဂံ ရထားလမ်းပိုင်း အဆင့်မြှင့် တင်မှုလေ့လာရေးစစ်တမ်းကောက်ယူမှုများကို ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ဆောင်သွားမည်ဟု မြန်မာ့မီးရထားထံမှ သိရသည်။

"မန္တလေး- ပုဂံလမ်းက ရှိပြီးသားကို အဆင့်မြှင့်တင်ဖို့အတွက်ဖြစ်နိုင်စွမ်း ရှိမရှိ Survey ကောက်မှာ။အချက်အလက်စုဆောင်းပြီးတော့ စီစစ်မှာ။ဘယ်အပိုင်းကနေ စလုပ်မယ်ဆိုတာကတော့ မပြောနိုင်သေးဘူး။အခုကတော့  လက်မှတ်ထိုးပြီး တစ်နှစ်အတွင်း ဖြစ်နိုင် စွမ်းအစီရင်ခံစာတင်နိုင်အောင်လုပ်သွားမယ်" ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းကပြောသည်။

လက်ရှိတွင် မန္တလေး- ပုဂံ ရထားလမ်းပိုင်းမှာ ပြေးဆွဲလျက်ရှိပြီး တရုတ်အစိုးရဘက်က ခရီးသွားလုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ-တရုတ်နားလည်မှု စာချွန်လွှာအရ သိရသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းဖြစ်သည့် ဇန်နဝါရီ ၁၈ ရက်တွင် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား စာချုပ် ၃၃ ခု ရေးထိုးခဲ့ပြီး အဆိုပါစာချုပ်များထဲတွင်  ရထားလမ်းပိုင်းနှင့် ပတ်သက်၍ မူဆယ်- မန္တလေးရထားလမ်းပိုင်းနှင့် မန္တလေး-ပုဂံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်ဖြစ်နိုင်ခြေလေ့လာမှုအစီ ရင်ခံစာလွှဲပြောင်းခြင်း လက်မှတ်ရေးထိုး ခဲ့ကြသည်။

မို့မို့အေး