News

POST TYPE

NEWS

ဖားကန့်တွင် တစ်ရက်အတွင်း မြေပြိုမှု ၂ ကြိမ် ဖြစ်ပွား
20-Jan-2020


ဖားကန့်၊ ဇန်နဝါရီ ၁၉

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ လည်ပတ်နေသော ဖားကန့်မြို့နယ်၌ ဇန်နဝါရီ ၁၈ ရက်နေ့တွင် မြေပြိုမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော ဒေသခံများထံမှ သိရသည်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါ ကျေးရွာအနီး ရတနာရွှေအိတ်ကုမ္ပဏီ လုပ်ကွက်တွင် မွန်းလွဲ ၁၂ နာရီ ဝန်းကျင်က ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူထိခိုက် သေဆုံးခြင်းမရှိသော်လည်း ဆိပ်မူကျေးရွာ အုပ်စုကောင်စံကျေးရွာအနီး ည၉နာရီခွဲ ဝန်းကျင်က မြေကမ်းပါးပြိုကျမှုတွင် ဘက်ဟိုး ၂ စီး မြေမြုပ်သွားခဲ့ပြီး တစ်ဦး ဒဏ်ရာရကာ တစ်ဦးမှာ မြေဖုံးနစ်မြုပ်နေ ဆဲဖြစ်သည်။

“ဘက်ဟိုးနဲ့ ယာဉ်မောင်းကို ဖော်ယူ ဖို့ လုပ်ဆောင်နေပါတယ်”ဟု မြေကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့သော စိုင်းအင်ဝိုင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ တာဝန်ခံက ဆိုသည်။

မြေနစ်မြုပ်မှုမှ လွတ်မြောက်ခဲ့သော ဘက်ဟိုမောင်းသူတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူနေပြီး မြေပြိုကျမှုထဲတွင် နစ်မြုပ်နေသော ဘက်ဟိုးနှင့်လူကို ဖော်ယူရန်သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်နေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ်က မြေကမ်းပါးပြိုကျမှုနှင့် နွံကန် ပေါက်ကျမှုကြောင့် လူ ၁၁၆ ဦး သေဆုံး ခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၆၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ယင်းသေဆုံးမှုတွင် ပါဝင်ခဲ့သည်။

ဇော်မိုးထက်