News

POST TYPE

NEWS

ရဲစခန်းရှေ့ဖြတ်ကျော်လာသော တရားမဝင် သစ်တင်ကားကို အုပ်ချုပ်ရေးအဖွဲ့က ဖမ်း
19-Jan-2020


ပုသိမ်၊ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမြို့ ရဲစခန်းရှေ့မှ ဖြတ်သန်း၍ တရားမဝင် သစ်များတင်ဆောင်လာသည့် နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် သစ်တင်ကားတစ်စီးကို ယင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၁၈ ရက် ည ၁၀ နာရီခွဲခန့် က ဖမ်းဆီးလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းဒေသ သဘောကန်ရွာဘက်မှ မောင်းနှင်လာပြီး ရွေသောင်ယံမြို့ ရဲစခန်းကို ဖြတ်ကျော်လာသည့် တရားမဝင်သစ်များ တင်ဆောင်လာသည့် ယင်းကားကို ရွေသောင်ယံမြို့ ရောင်နီဦးလမ်းရှိ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဖမ်းမိခြင်း ဖြစ်သည်။

တရားမဝင်သစ်များတင်ဆောင်သည့် သစ်တင်ကားများ ရွှေသောင်ယံမြို့ ရဲစခန်းရှေ့မှ နည်းလမ်းအမျိုးမျိုးဖြင့် ဖြတ်သန်းသယ်ဆောင်နေကြောင်း သတင်းပေးပို့သဖြင့် မြို့အုပ်ချုပ်ရေးမှုး ဦးဆိုင်းနောင်နောင် ဦးဆောင်သည့် အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ဒေသခံများက စောင့်ဆိုင်းဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက The Voice သို့ ပြောသည်။

“ရဲစခန်းက ဖမ်းမယ်ထင်နေတာ မဖမ်းတော့ ကျွန်တော့တို့ အဖွဲ့က ဖမ်းလိုက်တာပါ၊ ဒေသခံတွေက သတင်းပေးတယ်၊ မြို့ခံတွေကလည်း ပြောကြတယ်၊ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့က လိုင်းကြေးယူနေတယ် ထင်နေကြတယ်၊ အွန်လိုင်းပေါ်လည်း တင်တယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေ နာမည်ပျက်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။



ရွေသောင်ယံ ကမ်းခြေဒေသ ရခိုင်ရိုးမအတွင်းရှိ သစ်တောများအတွင်းမှ သစ်များကို တရားမဝင် ခုတ်လှဲ၍ ကားများဖြင့် တင်ဆောင်ကာ မြို့ကို ဖြတ်၍ ဖေါက်လုပ်ထားသော ကားလမ်း ၂ လမ်းမှ နေ့စဉ်နှင့်အမျှ တင်ဆောင်ဖြတ်သန်းနေသည်ကို သက်ဆိုင်ရာဌာန ကင်းစခန်းများက စစ်ဆေးဖမ်းဆီးခြင်းမရှိသဖြင့် အုပ်ချုပ်ရေးအဖွဲ့ထံသို့ သတင်းပို့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သစ်တင်ကား မောင်းလာသော ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၄၀ နှစ်ရှိ ယာဉ်မောင်း ကျော်မင်းဦးနှင့် ယာဉ်ပေါ်ပါလာသူ တစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးလျှက်ရှိပြီး၊ အမှုဖွင့်လှစ်တိုင်ကြားရမည့် သစ်တောဦးစီးဌာနကို အကြောင်းကြားထားပြီးဖြစ်သော်လည်း ဖမ်းထားသည့် သစ်တန်အလေးအချိန် တန်ဘိုးနှင့် လိုင်စင်မဲ့ယာဉ် ဟုတ် မဟုတ်ကို ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အထိ လာရောက်စစ်ဆေးဆောင်ရွက်ခြင်းမရှိသေး၍ ပြောမပြနိုင်သေးကြောင်း ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးဆိုင်းနောင်နောင်က ပြောသည်။

မောင်မျိုးထက် (ပုသိမ်)

R-12