News

POST TYPE

NEWS

သရက်ကန် ရေနံမှော်တွင် မီးလောင်းမှုဖြစ်၊ လူသုံးဦး မီးလောင်ဒဏ်ရာရ
19-Jan-2020

ဓာတ်ပုံ - မီးသတ်

ချောက်၊ ဇန်နဝါရီလ ၁၉

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သရက်ကန်ကျေးရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ တွင်းတိမ်လက်ယက်တွင်း ရေနံမှော်တွင် ဇန်နဝါရီလ ၁၈ ရက်၊ ညနေ ၄ နာရီခွဲအချန်ကျော်ခန့်က ရေနံတွင်းမီးလောင်မှုဖြစ်ပွားခဲ့ရာ တွင်းအလုပ်သမား ၃ ဦး မီးလောင်ခံရပြီး၊ တစ်ဦးစိုးရိမ်ရသည်ဟု ပေါက်မြို့ မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းရေနံမှော်ရှိ ရေနံတွင်းမှ ရေနံနှင့် ဂက်စ်များ လျှံထွက်လာသဖြင့် အနီးရှိ အင်ဂျင်စက်မှထွက်သော မီးပွားနှင့် ထိတွေ့ရာမှ မီးလောင်မှုဖြစ်ပွားသည်ဟု ပေါက်မြို့မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဟိန်းသူက ပြောဆိုသည်။

"ရေနံတွင်း မီးစတင်လောင်ကျွမ်းတဲ့အချိန်မှာ အလုပ်သမား သုံးဦး မီးလောင်ခံရပါတယ်။ တစ်ဦးက စိုးရိမ်ရလို့ ပခုက္ကူမြို့ ဆေးရုံကို ပို့ထားရတယ်။ ကျန်နှစ်ဦးက မြိုင်မြို့ဆေးရုံကို ပို့ဆောင်ထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရေနံတွင်းမီးလောင်ရာနေရာသို့ ပေါက်မြို့ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ရေခါး မီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်ယာဉ် တစ်စီး၊ လက်ပံတို မီးသတ်တပ်ဖွဲ့ မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ အရပ်ဘက် ရေသယ်ယာဉ် ၅ စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ သန္ဓေ၊ အရံတပ်ဖွဲ့အင်အား ၅၀ ကျော်ဖြင့် ရေနံတွင်းမီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ရာတွင် ယင်းနေ့ည ၁၁ နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ပေါက်မြို့ မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး တွင်းပိုင်ရှင်ကို စုံစမ်းလျက်ရှိကြောင်းနှင့် ပေါက်မြို့ ရေပြာနယ်မြေရဲစခန်း (ပ) ၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

ယခုလ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ယင်းရေနံမှော်ရှိ ရေနံတွင်းနှစ်တွင်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ယင်းမီးလောင်မှုကို တစ်ရက်ကျော်ကြာ မီးငြိမ်းသတ်ခဲ့ရသည်။

ယင်းတွင်းတိမ်လက်ယက်ရေနံမှော်သည် ပေါက်မြို့နယ်အတွင်း၌ ၂၀၀၉ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သော ရေနံမှော်ဖြစ်ပြီး မကြာခဏ ရေနံတွင်းများ မီးလောင်ကျွမ်းမှုဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

နေနိုင်