News

POST TYPE

NEWS

မင်းလှမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ဘိန်းခင်း (၈)ဧကခန့် ဖျက်ဆီး
18-Jan-2020
ဓာတ်ပုံ- မင်းလှမြို့နယ်ရဲတပ်ဖွဲ့

မကွေး၊ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ငရုတ်ကောင်းကျေးရွာ အနီးတွင် ဇန်နဝါရီ (၁၇)ရက်နေ့က ဘိန်းခင်း (၈)ဧကခန့် တွေ့ရှိဖျက်ဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းလှမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ဒုရဲမှူးကြည်စိုး ဦးဆောင်သောအဖွဲ့သည် ငရုပ်ကောင်းကျေးရွာအနီးတွင် ဘိန်းခင်းများ လျှို့ဝှက်စိုက်ပျိုးထားကြောင်း သတင်းအရ တောတောင်၊ လျှိုမြောင်များအတွင်း တောနင်းရှာဖွေခဲ့ရာ ငရုတ်ကောင်းကျေးရွာ အနောက်ဘက် တောင်စောင်း၊ ပင်လယ်ပြင်မျက်နှာအမြင့်ပေ (၃၀၀၀)ကျော်ခန့်တွင် ဘိန်းပင် (၁)ပေမှ (၃)ပေ၊အချင်း (၁)လက်မခန့်ရှိ အသီးများ၊ အချင်း (၁)ပေခွဲခန့်ရှိ အပွင့်များပါ ဘိန်းခင်း (၈)ဧကခန့်အား ပိုင်ရှင်မဲ့တွေ့ရှိခဲ့သဖြင့် ဖျက်ဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ဓာတ်ပုံ- မင်းလှမြို့နယ်ရဲတပ်ဖွဲ့

မင်းလှမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ကြည်စိုးက "ဒေသခံတွေရဲ့သတင်းပေးချက်အတိုင်း ရပ်ရွာကနေ ဝိုင်းဝန်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလို့ ဒီလိုဘိန်းခင်းတွေတွေ့ရှိခဲ့တာပါ။ ဒေသခံတွေကိုလည်း ဆုချခဲ့ပါတယ်" ဟုဆိုသည်။

မင်းလှမြို့နယ်အတွင်း ယခုလို ဘိန်းခင်း(၈)ဧကခန့် တွေ့ရှိဖျက်ဆီးခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ ထံမှသိရသည်။

လွင်အေး