News

POST TYPE

NEWS

တက္ကသိုလ်ကျောင်းသူထံမှ ပိုက်ဆံအိတ်လုယူထွက်ပြေးသူ ဆိုင်ကယ်မှောက်ပြီးအဖမ်းခံရ
17-Jan-2020
မိတ္ထီလာ ၊ဇန်နဝါရီ ၁၇

မိတ္တီလာမြို့နန်းတော်ကုန်းရပ် မီးပွိုင့်လမ်းဆုံတွင် ဇန်နဝါရီလ (၁၆) ရက် ည (၈) နာရီ အချိန်က ကျောင်းသူတစ်ဦးထံမှ ပိုက်ဆံအိတ်လုယူပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးသူနှစ်ဦးမှာ ယင်းဆိုင်ကယ်တိမ်းမှောက်ရာ တစ်ဦးကိုဖမ်းဆီးရမိပြီး တစ်ဦးထွက်ပြေးသွားကြောင်း ရပ်ကွက်နေများထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီ(၁၆)ရက်နေ့ည(၈)နာရီခန့်က မိတ္တီလာမြို့မရဲစခန်းမှ ဒုရဲအုပ်မြင့်လွင် ဦးစီးသောအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းလှည့်လည်ဆောင်ရွက်စဉ် မိတ္တီလာ- ကျောက်ပန်းတောင်းကားလမ်း ပြည်သူ့ဆေးရုံကြီးရှေ့တွင် အရှေ့မှ အနောက်သို့အရှိန်ဖြင့် မောင်းနှင်လာသောအနက်ရောင် ဆိုင်ကယ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားသဖြင့် ကူညီပေးရန် သွားရောက်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သည့် အမျိုးသားမှာ ရွာသစ်ကုန်းနယ်မြေအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း ၊ နောက်မှ လိုက်ပါစီးလာသူ အမျိုးသား၏လက်ထဲ၌ ရွှေအိုရောင် မိန်းမကိုင်လက်အိတ်(၁)လုံးကိုင်ဆောင်ထားသည်ကိုတွေ့ရှိသဖြင့် မသင်္ကာ၍စစ်မေးခဲ့ရာ ထိုပိုက်ဆံအိတ်သည် လွန်ခဲ့သည့် (၁၅) မိနစ်ခန့်က နန်းတော်ကုန်းမီးပွိုင့်လမ်းဆုံတွင် အရှေ့မှအနောက်သို့မောင်းနှင်နေသော ဆိုင်ကယ်တစ်စီးနောက်တွင်ထိုင်စီးလာသည့် အမည်မသိအမျိုးသမီးတစ်ဦး ကိုင်ဆောင်ထားသော ရွှေအိုရောင်လက်ကိုင်အိတ်အား ယင်းတို့နှစ်ဦး လုယူထွက်ပြေးလာစဉ် ဆိုင်ကယ်တိမ်းမှောက်ခြင်း ဖြစ်ကြောင်းသိရှိသဖြင့် ဖမ်းဆီးခဲ့သည်။

ပိုက်ဆံအိတ်အတွင်းမှ မမြမြသာ ၄သတ-၃၃အမည်ပါ မိတ္ထီလာတက္ကသိုလ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား တတိယနေ့(၁၉ : ၁ :၂၀၂၀) စာအိတ်(၁)အိတ် နှင့် အညိုရောင်လက်ကိုင်ပိုက်ဆံအိတ် (၁)လုံး ငွေစက္ကူရေရာ(၇၇၁၀၀/-)ကျပ်တို့အားတွေ့ရှိ ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ဖမ်းဆီးရမိသူမှာမိတ္တီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၁) နွယ်သာကီလမ်းနေ ချစ်ဆန်းသူ ဖြစ်ပြီး ထွက်ပြေးသွားသောသူ မှာ ရန်မျိုးအောင်ရပ်ကွက်နေ ဖုန်းမြင့် ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရသိရသည်။

''အဲဒီ ဆိုင်ကယ်က နန်းတော်ကုန်းဘက်ကနေ အရှိန်နဲ့မောင်းလာပြီး ပေါက်ချောင်း ဘောလုံးကွင်းဘက်ကို သွားတဲ့လမ်းဘက်ကိုကွေ့တယ်။အဲဒီအချိန်မှာ တခြားဆိုင်ကယ်တစ်စီးကို ပွတ်တိုက်မိပြီး လဲကျတာ။သူတို့နောက်က လိုက်ဖမ်းတဲ့သူတွေလည်း လိုက်လာတယ်။အဲဒီအချိန်မှာ ကင်းလှည့်နေတဲ့ရဲနဲ့ ပက်ပင်းတိုးတာ'' ဟု ယင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့သော နန်းတော်ကုန်းရပ်ကွက်မှ အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ လုယက်မှုနှင့်ပတ်သက်၍ ချစ်ဆန်းသူ နှင့် ထွက်ပြေးသူ ဖုန်းမြင့်တို့ကို အရေးယူပေးရန် ဒုရဲအုပ်မြင့်လွင်၏ တိုင်တန်းချက်အရ မြို့မရဲစခန်းက(ပ)၃၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၈၂/ကျင့်၅၄ ဖြင့် အမှုဖွင့် အရေးယူပြီးထွက်ပြေးသူ ဖုန်းမြင့်ကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှသိရသည်။

R-01