News

POST TYPE

NEWS

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်လေးခုတွင် ကြားဖြတ်သန်းခေါင်စာရင်း စကောက်
17-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ မှ ၂၈ ရက်နေ့အထိ ကြားဖြတ်သန်းခေါင်စာရင်း စတင်ကောက်ခံပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။

"နောက်ဆုံးကျန်တဲ့ တိုင်းနှစ်ခုနဲ့ပြည်နယ်နှစ်ခုကို ကြားဖြတ်သန်းခေါင်စာရင်း စကောက်ပါပြီ။အဲဒီမှာ ရခိုင်ကတော့ မင်းပြားတို့၊ မြောက်ဦးတို့၊ ကျောက်တော်တို့ဆိုရင် လုံခြုံရေးအခြေအနေကြောင့် ကောက်ခံနိုင်မှာတော့မဟုတ်ဘူး။အဲဒီလိုပဲ ရှမ်းမှာလည်း မကောက်နိုင်တဲ့နေရာတွေရှိတဲ့အတွက် အဲဒီနေရာတွေကတော့ အပြည့်အစုံတော့မရနိုင်ဘူး" ဟု ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကောက်ခံရရှိသည့် ကြားဖြတ်သန်းခေါင်စာရင်းတွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ တွေ့ရှိချက်များကို ခရိုင်အလိုက် ထုတ်ပြန်မည်ဖြစ်ကာ ပြည့်စုံအောင်မကောက်ခံနိုင်ခဲ့သည့် ပြည်နယ်များအတွက်ကို ပြည်နယ်အလိုက်သာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ခံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ခရိုင်အဆင့်ကိုယ်စားပြု ကောက်ကွက်ပေါင်း ၄၀ဝ၀ ကျော်ဖြင့် တိုင်းဒေသကြီး /ပြည်နယ် အလိုက် လေးသုတ်ခွဲ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကောက်ယူနေခြင်းဖြစ်သည်။               

ZC